ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဆူရ်ဘုန်လေယာဉ်ကွင်း လေယာဉ်စမ်းသပ်ဆင်းသက်ခြင်းဆောင်ရွက်မှုကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ဖလမ်း အောက်တိုဘာ ၂၇

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးရန် ဟားခါးမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည်ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် ၁၀ နာရီခွဲတွင် ဆူရ်ဘုန်လေယာဉ်ကွင်း လေကြောင်းဆက်သွယ်ရေး စခန်းမှ မြန်မာအမျိုးသားလေကြောင်းလိုင်း ATR 72-600 လေယာဉ်စမ်းသပ် ဆင်းသက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယသမ္မတသည် ဆူရ်ဘုန်လေယာဉ်ကွင်း၌ လေယာဉ်မှူးကြီးများဖြစ်ကြသည့် ကပ္ပတိန် ဇော်မင်းဦး၊ ကပ္ပတိန် မင်းသူဇော်နှင့် တာဝန်ရှိသူများအား တွေ့ဆုံ နှုတ်ဆက်သည်။

ယင်းနောက် ဒုတိယသမ္မတသည် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဂုဏ်ထူးဆောင်အကြံပေး ဦးခင်မောင်မြင့်၊ လေယာဉ်မှူးကြီးများ၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း၊ ဂုဏ်ထူးဆောင်အကြံပေး ဦးခင်မောင်မြင့် နှင့် လေယာဉ်မှူးကြီး ကပ္ပတိန် ဇော်မင်းဦး တို့က ဆူရ်ဘုန်လေဆိပ်နှင့် စပ်လျဉ်း၍ လေယာဉ်ကွင်းတည်ဆောက်ခဲ့မှု အခြေအနေများနှင့် လေယာဉ်စမ်းသပ်ဆင်း သက်စဉ် တွေ့ကြုံရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က လေယာဉ် စမ်းသပ်ဆင်း သက်ခဲ့သည့် ယနေ့သည် ချင်းပြည်နယ်အတွက် မေ့ပျောက်၍မရသည့် သမိုင်းမှတ်တမ်းဝင်နေ့ တစ်နေ့ဖြစ်ပါကြောင်း၊ လေယာဉ်ကွင်းအောင်မြင်အောင်တည် ဆောက်ပြီးစီးရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ချင်းပြည်နယ်အစိုးရ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်များနှင့် တာဝန်ရှိသူများအား နိုင်ငံတော်အစိုးရ ကိုယ်စား၊ ချင်းတိုင်းရင်းသားများကိုယ်စား၊ ချင်းတိုင်းရင်းသားတစ်ဦးအနေဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ဆူရ်ဘုန်လေဆိပ်သည် မြန်မာနိုင်ငံ ရှိလေဆိပ်များအနက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးတွင် တည်ရှိပြီး တည်ဆောက်ရာတွင် အခက်ခဲဆုံး လေဆိပ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်ပပညာရှင်မပါဘဲ နိုင်ငံသားပညာရှင်များဖြင့်သာ တည်ဆောက်ခဲ့သည့်လေဆိပ်တစ်ခုအဖြစ် မှတ်တမ်းတင် ဂုဏ်ယူကြရမည်ဖြစ်ပါကြောင်း၊ လေဆိပ်၌တပ်ဆင်ထားသည့် လေကြောင်းလမ်းညွှန်စက်သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော တောင်ပေါ်ဒေသသုံးလေကြောင်း လမ်းညွှန်စက်ဖြစ်ပါကြောင်း၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွား ကြရမည်ဖြစ်ပါ ကြောင်း၊

စိမ်းလန်းစိုပြည်သာယာလှပသော လေဆိပ်တစ်ခု ဖြစ်စေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့် လေယာဉ်မှူးကြီးများအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတသည် ဆူရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်ပြီးစီးမှု များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ချင်းပြည်နယ်၏ ပထမဆုံးသော လေကြောင်းဝင်ပေါက်ဖြစ်သည့် ဆူရ်ဘုန်လေဆိပ် သည် ဖလမ်းမြို့၏ အနောက်မြောက်ဘက် ၈ မိုင် ၅ ဖာလုံ အကွာ၊ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၆၀၀၀ ရှိ ဆူရ်ဘုန်တောင်ကြောတွင် တည်ရှိပြီး ငွေကျပ် ၃၅ ဒသမ ၁၉၁ ဘီလီယံ အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်ကွင်း မြေဧရိယာ ၁၂၅၄ ဒသမ ၇၃ ဧကရှိပြီး လေယာဉ်ပြေးလမ်းအလျားပေ - ၆၀၀၀၊ အကျယ်ပေ- ၁၀၀ ရှိကာ လေယာဉ်ပြေးလမ်းသည် Flexible Pavement အမျိုးအစားဖြစ်သည်။ လေယာဉ်ပြေးလမ်း ခံနိုင်ရည် ၅၁၀၀၀ ပေါင်(23000 Kg) ရှိကာ ATR 72 – 500/ 600 လေယာဉ်များ ဆင်းသက် နိုင်မည်ဖြစ်သည်။ လေယာဉ်ပြေးလမ်းအရှိန်သတ်အစွန်း (Over run) သည် အလျားပေ - ၂၀၀၊ အကျယ် ပေ - ၁၀၀ နှင့် လေယာဉ်ရပ်နားရန်နေရာ အလျားပေ ၂၅၀၊ အကျယ်ပေ ၂၅၀ ရှိပြီး လေဆိပ်အဆောက်အအုံသည် အလျား-၁၅၆ ပေ၊ အကျယ် - ၈၄ ပေရှိ၍ လေဆိပ်တွင် ခရီးသွား လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် ကောင်တာကို ဖွင့်လှစ်ထားရှိပြီး ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များအနေဖြင့် ချင်းပြည်နယ်၏ ခရီးသွားဆွဲဆောင်မှု များနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အချက်အလက်များကို စုံစမ်းသိရှိနိုင် မည်ဖြစ်ကာ Digital Informational stand မှတဆင့် www.chintravel.com.mm သို့လည်းဝင်ရောက် ကြည့်ရှုနိုင်ကြောင်းနှင့် ခရီးသွားဧည့်သည်များအနေဖြင့်လည်း ခရီးသွားအတွေ့အကြုံများကို ပြန်လည်ဝေငှကာ ချင်းပြည်နယ်ကို ပိုမို လည်ပတ်စေနိုင်မည့် ခရီးစဉ်ဒေသတစ်ခုအဖြစ်ဖော် ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆူရ်ဘုန်လေဆိပ်ကို ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ချင်းပြည်နယ်သို့ အချိန်တို အတွင်းသွားလာ လည်ပတ်နိုင်ရန်နှင့် ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ မြန်မာနိုင်ငံ အတွင်းရှိဒေသများသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန်ရည်ရွယ်တည် ဆောက်ခဲ့ခြင်းဖြစ် ပြီး အဆိုပါလေဆိပ်တည်ရှိခြင်းကြောင့် တောင်တန်းထူထပ်ပေါများသည့် ချင်းပြည်နယ် အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေခြင်း၊ လူမှုရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များ တိုးတက်လွယ်ကူလျင်မြန်စေခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာခြင်း၊ အရေးပေါ်ကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွားတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊ ဒေသခံ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်းနှင့် တောင်ပေါ်နှင့်မြေပြန့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိခံစား နိုင်မည်ဖြစ်ကြောင်း သိရသည်။