ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး(၂/၂၀၂၀)သို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး(၂/၂၀၂၀)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဒီဇင်ဘာ ၈

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၂/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ် ဖြင့် ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မသန်စွမ်းအသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတ က မသန်စွမ်းသူများ၏ဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက် ရေးအတွက် ကဏ္ဍပေါင်းစုံမှ နိုင်ငံတော်အဆင့် ထိထိရောက်ရောက် အင်တိုက်အား တိုက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုကာလတွင် ကြုံတွေ့နေရသော ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ COVID-19 နှင့် ရင်ဆိုင်ရချိန်တွင် မည်သူတစ်ဦး တစ် ယောက်မျှ မကျန်ရစ်စေသောမူဝါဒဖြင့် နိုင်ငံတော်ဘက်က မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့နှင့် ပူးပေါင်း၍ အရေးပေါ် တုံ့ပြန်ရေးလုပ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကပ် ရောဂါအလွန် ကာလများတွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မသန်စွမ်း သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

မသန်စွမ်းသူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကို ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအားလုံး အကျုံးဝင်ပါဝင်စေရန် အခြေခံအုတ် မြစ်တစ်ခု ဖြစ်သည့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းနှင့် မသန်စွမ်းမှုအဆင့် သတ်မှတ် ခြင်း လုပ်ငန်းစဉ် သည်လည်း အဓိကအဖြစ် ပါဝင်ပါကြောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကော်မတီများ၊ မြန်မာ နိုင်ငံမသန်စွမ်း သူများ အသင်းချုပ်၊ မသန်စွမ်းအဖွဲ့အစည်းများနှင့်  UNICEF (မြန်မာ)တို့ ၏ နည်းပညာ၊ ငွေကြေးပံ့ပိုးမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ လူ့အခွင့်အရေးနှင့် လူမှုရေးမော်ဒယ် နည်းပညာဖြင့် အစပြု အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

 

ဆရာဖြစ်သင်တန်းများနှင့် မှတ်ပုံတင်ကြီးကြပ်ရေးမှူးသင်တန်းများကို ကျေးရွာ၊ ရပ်ကွက်များတွင် သင်တန်းများပေးနေချိန် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ကမ္ဘာ့ကပ် ရောဂါ COVID-19 ဖြစ်ပွားသောကြောင့် အကောင်အထည်ဖော်မှုကို ခေတ္တရပ်ဆိုင်းထား သော်လည်း ယခုအခါ COVID-19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အဝေး ရောက် အကဲဖြတ်ခြင်း နည်းစနစ် (Remote Assessment Methodology)နှင့် မသန်စွမ်းမှု သတင်းအချက်အလက် စနစ် (Management Information System) တည်ဆောက်ပြီး ကရင်ပြည်နယ်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည့်အတွက် သက် ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အစိုးရများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာ ကြားလိုပါကြောင်း။

 

၂၀၂၀ ပြည့်နှစ်အတွင်း ထူးခြားစွာလုပ်ဆောင်နေမှုတစ်ခုမှာ မသန်စွမ်းသူများ၏ အခွင့် အရေးများကို ပေါင်းစပ်ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်နေသော အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း ကာလလတ် (၂၀၂၀-၂၀၂၅)ကို ရေးဆွဲဆောင် ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ်ကုန်တွင် မဟာဗျူဟာစီမံကိန်း(မူကြမ်း) ထွက်ပေါ် လာရေးအတွက် Technical Core Group နှင့် ဆပ်ကော်မတီ(၉)ခုတို့က ကြိုးပမ်း ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း။

 

မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင် ရေးအတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် သက်ဆိုင်ရာဒေသနှင့် ကိုက်ညီသော အသက် မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင် ငွေများရရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိရာ မသန်စွမ်းသူများအတွက် ရေရှည်အကျိုး ဖြစ်ထွန်းစေမည့် ရန်ပုံငွေ တစ်ရပ်ဖြစ်သော ငွေကျပ် (၃)ဘီလီယံအား အရင်းမပျောက် မတည်ငွေစနစ်ဖြင့် ဆောင်ရွက် ထားရှိပြီးဖြစ်သည့်အတွက် COVID-19 အလွန်ကာလများ တွင် Microfinance Institute များနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားကြရန်  မှာကြားလိုပါကြောင်း။

 

မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကလည်း လုပ်ငန်းရှင်များ၊ မသန်စွမ်း အဖွဲ့ အစည်းများနှင့် မူဝါဒချမှတ်နေမှုအစည်းအဝေးများ ကျင်းပနေသည်ကို သိရှိရသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 အလွန်ကာလတွင် မသန်စွမ်းသူများ အတွက် အလုပ် အကိုင်အခွင့်အလမ်းဆိုင်ရာ အမျိုးသားအဆင့်အစည်းအဝေး ကျင်းပ သွားရန်လည်း လိုအပ်ပါ ကြောင်း။

 

မသန်စွမ်းသူများအတွက် Barrier Free Community ဖြစ်စေရန် နေပြည်တော် ရေပန်းဥယျာဉ်နှင့် မြို့မဈေးတို့၌ စံနမူနာပြ ဆောင်ရွက်ထားရှိပြီးဖြစ်သည့််အတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရမှ တာဝန်ရှိသူများကလည်း မိမိဒေသအတွင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် COVID-19 အလွန်ကာလ ဟိုတယ် လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်သည့်အခါတွင် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်ခဲ့သည့် မသန်စွမ်းသူများအနေဖြင့် အတားအဆီး ကင်းမဲ့စွာသွားလာနိုင်ရေး ရှေ့ပြေးစီမံကိန်း (Myanmar Barrier Free Pilot Project)ကို တစ်ချိန်တည်းတစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင် ထားရန် လိုအပ်ပါကြောင်း။

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ စတင်ဖွဲ့စည်းခဲ့ သည့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်ချက်များကို မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ စာအုပ် ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ဆောင်ရွက်ချက်များကိုလည်း နှစ်ပတ်လည်အစီရင်ခံစာ ပြုစုထုတ်ဝေနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆောင်သောကော်မတီက ဆက်လက်ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ တစ်ဆက်တည်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂ ကော်မတီ၏ Concluding Observation ပါ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် သည့် အစီရင်ခံစာအတွက်လည်း အထောက်အကူပြုစေမည့် လုပ်ငန်းတစ်ခုဖြစ်သကဲ့သို့ ၎င်းအစီရင်ခံစာတင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်သော ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက် မတိုင်မီ (၁) နှစ်ခန့်အလို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာကုလသမဂ္ဂကော်မတီက ပြုစုမည့် List of Issues နှင့်အညီ Simplified reporting procedure ဖြင့် တင်သွင်းရေး အစီရင်ခံစာ ရေးသားပြုစုရေးအဖွဲ့ကို ဖွဲ့စည်းရန်လည်း လိုအပ်ပါကြောင်း။

 

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းရှေ့ပြေးရလဒ်များအရ မြန်မာ နိုင်ငံ၌ မျက်မှန်တပ်သည့်တိုင်အောင် အမြင်ခက်ခဲခြင်းမှာ ၆ဒသမ၃ ရာခိုင်နှုန်း၊ နားကြား ကိရိယာ တပ်ထားသည့်တိုင် အကြားခက်ခဲခြင်းမှာ ၂ဒသမ၄ ရာခိုင်နှုန်း၊ လမ်းလျှောက်/ လှေခါး တက်ရာတွင် ခက်ခဲခြင်းမှာ ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မှတ်ဉာဏ်/ သင်ယူလေ့လာရာတွင် ခက်ခဲခြင်းမှာ ၄ ဒသမ၄ ရာခိုင်နှုန်း၊ မိမိကိုယ်မိမိ စောင့်ရှောက်ရာ တွင် (တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အဝတ်အစားဝတ်ဆင်ရာတွင်) ခက်ခဲခြင်းမှာ ၁ဒသမ၉ ရာခိုင်နှုန်း၊ အခြားသူ များနှင့်ဆက်သွယ်ရာတွင် ခက်ခဲခြင်းမှာ ၁ဒသမ၆ ရာခိုင်နှုန်း ရှိသည်ကို သိရှိရပါကြောင်း။

 

ထို့ကြောင့်   မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကဏ္ဍသည် တစ်စထက် တစ်စအရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လာသည့်အတွက် ရှေ့ဆက်၍ ပြောင်းလဲ လာသော အခြေအနေများကိုမူတည်ကာ ပိုမိုထိရောက်သည့် အကာအကွယ်ပေးနိုင်ရန် မသန် စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြန်လည်သုံးသပ်ညှိနှိုင်းခြင်း လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း။

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကာလမတိုင်မီ မသန်စွမ်းသူများ ပါဝင်မဲပေးနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မဲစာရင်း ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသော မသန်စွမ်းသူများ အားလုံး မဲပေးနိုင်ရေး မဲရုံများတွင် မသန်စွမ်းသူများ အဆင်ပြေလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် လျောစောက်များ ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းမှုအလိုက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးခြင်းများ ဆောင်ရွက်ခဲ့ရာ  မသန်စွမ်းသူ စုစုပေါင်း (၈၇၀၀၀)ကျော် ပါဝင်မဲပေး နိုင်ခဲ့သည်ကိုသိရှိရပါကြောင်း၊ ယခင် ရွေးကောက်ပွဲများထက် မသန်စွမ်းသူများ၏ ပူးပေါင်း ပါဝင်မှု ပိုမိုတိုးတက်များပြား  လာသည်ကို အသိအမှတ်ပြုရမည် ဖြစ်ပါကြောင်း။

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၀) အစည်းအဝေးက ချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက် (၂၅)ချက်အပေါ် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရ၏ ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒ၊ လုပ်ငန်းစဉ် များနှင့် ချိတ်ဆက်၍ မသန်စွမ်းသူများအပေါ် အကျိုးဖြစ်ထွန်းစေမှု၊ ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုများကို အသိအမှတ်ပြု အလေးထား ဆောင်ရွက် ပေးကြရန်နှင့် COVID-19 အလွန် ကာလများတွင် မသန်စွမ်းသူများ၏ အခွင့်အရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် အကောင် အထည်ဖော်ရန်အတွက် ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့က သတ်မှတ် ခဲ့သော “ ပိုမိုကောင်းမွန်သည့် COVID-19 အလွန်ကမ္ဘာ တည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး ရေရှည်တည်တံ့စေရန် ကြိုးစားစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အားလုံးအတူပါဝင်သော လူ့အသိုက် အဝန်းတစ်ခုဆီသို့ စည်းလုံးညီညာစွာဖြင့် လျှောက်လှမ်း နိုင်ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ စတင်ဖွဲ့စည်းခဲ့မှု၊ လုပ်ငန်းစဉ်များ၊ အစည်းအဝေး များကျင်းပခဲ့မှုနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းခဲ့မှုအခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ထို့နောက် အမျိုးသားကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေး တင်ပြသည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမျိုးသားကော်မတီ (၁/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကော်မတီသို့ Simplified reporting procedure ဖြင့် အစီရင်ခံစာတင်သွင်းရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

 

ထို့နောက် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဦးအောင်လှထွန်း၊ ဦးကျော်မျိုး၊ ဦးဝင်းမော်ထွန်းနှင့် ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူမှုရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက မသန်စွမ်းအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု၊ မသန်စွမ်းသူများအပေါ် ပြစ်မှုကျူးလွန်မှုများကို အရေးယူဆောင်ရွက်ခဲ့မှု၊ အကျဉ်းထောင်များရှိ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေမှု၊ မသန်စွမ်း သူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ အများပြည်သူသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ သင်တန်းများဖွင့်လှစ်ပို့ချရေး၊ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားဆောင်ရွက်ခဲ့မှု၊ New Nomal ပုံစံသစ်တွင် မသန်စွမ်းသူ များ၏အခွင့်အရေးများ လျော့ပါးမှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မသန်စွမ်းသူများအတွက် အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးမှု၊ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ပေးမှု၊ မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ လိုအပ်ချက်များ၊ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြ အကြံပြု ဆွေးနွေးကြသည်။

 

ထို့နောက် အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးမြတ်သူဝင်းက  ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ (၃)နှစ်ကျော်ကာလအတွင်း ဆောင်ရွက်ခဲ့မှု အခြေအနေကို သုံးသပ်လျှင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပါကြောင်း၊ အထူးသဖြင့် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် မသန်စွမ်းမှုအလိုက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးနိုင်ခဲ့သဖြင့် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများထက် မသန်စွမ်းသူဦးရေ ပိုမို မဲပေးနိုင်ခဲ့ခြင်းသည် မှတ်တိုင်တစ်ခုပင် ဖြစ်ပါကြောင်း၊ COVID-19 ကာလအတွင်း သွားလာမှုဆိုင်ရာ အကန့်အသတ်များကြားမှ မသန်စွမ်းသူများအတွက် ပံ့ပိုးကူညီမှုများကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေသကဲ့သို့ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်းများကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေး အကြံပြုချက်များနှင့်ချိတ်ဆက်ကာ အားလုံးဝိုင်းဝန်းပူးပေါင်း အကောင်အထည် ဖော်သွားစေလို ကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။