နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email
နေပြည်တော် ဇန်နဝါရီ ၁၁
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်သွားရေးအတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ အကြား ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ယွမ် ၃ သန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက် ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် မြန်မာပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အလုံး ၃ သိန်း ကူညီပံ့ပိုးသွားရေး၊ နှစ်နိုင်ငံ ယဉ်ကျေးမှုခရီးသွားနှစ် အကောင် အထည်ဖော်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်သွား ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည် ဖော်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသန့်စင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။