Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများအတွက် လူသုံးကုန်ပစ္စည်းများလှူဒါန်း

Printer-friendly versionSend by email

Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများအတွက် လူသုံးကုန်ပစ္စည်းများလှူဒါန်း

နေပြည်တော် အောက်တိုဘာ ၂၃

Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများအတွက် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း၊ UEHRD ကော်မတီ ညှိနှိုင်းရေး မှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက KOICA မှ မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် Hand Sanitizer များ၊ ဆေးစိမ်ခြင်ထောင်များ၊ တာပေါ်လင်များနှင့် နှာခေါင်းစည်းများ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ လှူဒါန်းခြင်းကို အထူးပင် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးအတွက် ပြည်တွင်း နေရပ်စွန့်ခွာသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အို များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းများ အပါအဝင် ပြည်သူများအတွက် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းနှင့် IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပံ့ပိုးထောက်ပံ့ခဲ့ပါကြောင်း၊ ထို့အပြင် CERP အစီအစဉ်အရ IDP စခန်းများ၊ တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်သူများနှင့် ထိခိုက်လွယ်အုပ်စုများ တွင် အထောက်အကူဖြစ်မည့်လုပ်ငန်းများကို ငွေကျပ် ၃၀ ဒသမ ၄၄၆ သန်းကျခံဆောင်ရွက်ခဲ့ပါကြောင်း၊ KOICA မှလှူဒါန်းပစ္စည်းများကို နေရပ်စွန့်ခွာသူများ လက်ဝယ်သို့ စနစ်တကျ ဖြန့်ဖြူးနိုင်ရေး ရခိုင်ပြည်နယ်အစိုးရ၊ သက်ဆိုင် ရာ ဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခြင်းသည် လက်ခံရရှိသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်း များတွင်သာမက အထွေထွေအသုံးပြုရန်အတွက်ပါ အသုံးဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆောင်ဟွာ က KOICA အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရှိ နေရပ်စွန့်ခွာအိမ်ထောင်စု ၈၀၀၀ ကျော်အတွက် လိုအပ်သော လူသုံးကုန်ပစ္စည်းများဖြစ်သော ဆေးစိမ် ခြင်ထောင်များ၊ တာပေါ်လင်များ၊ Face Masks နှင့် Hand Sanitizers များထောက်ပံ့ရခြင်းအတွက် ဝမ်းမြောက်ရပါ ကြောင်း၊ ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် ODA “Building Trust” initiative အရ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ကိုရီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ စတင်၍ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး၊ ရောဂါရှာဖွေရေးလုပ်ငန်းများတွင် အတူ တကွ ကူညီဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် KOICA မှ Chief Representative က လှူဒါန်းရသည့်အကြောင်းရင်းကို ပြောကြားပြီး လှူဒါန်း ပစ္စည်းပေးအပ်လွှာကို တာဝန်ရှိသူအားပေးအပ်ရာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။