ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ဂွ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ဂွမြို့နယ် ဒေါင်းချောင်းကျေးရွာအုပ်စု ပေါက်တူးကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် ချောင်းကူးတံတားတည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တံတားတည်ဆောက်မှု လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တည်ဆောက်ရေးဆိုင်ရာ ရှင်းလင်းတင်ပြ ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်ကသိရှိလိုသည်များမေးမြန်းကာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်ဦးညီပုသည် ဂွမြို့နယ်ရှိချောင်းသာကြီးကျေးရွာ သီရိရတနာ ရွှေပြည်အေးဘုန်းတော် ကြီးကျောင်း၊ ပေါက်တူးကျေးရွာ မဏိဂူဟာဘုန်းတော်ကြီး ကျောင်း၊ ဓနိကျေးရွာ သီရိမင်္ဂလာမုနိ ဘုန်းတော်ကြီးကျောင်း တိုက်များသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ကျေးရွာများအလိုက် ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များအား ဆွေးနွေးပြီး ရပ်မိရပ်ဖများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် များ၊ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးရာ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာများသို့ ရောက်ရှိစဉ် ချောင်းသာကြီးကျေးရွာ၌ အသစ်ဆောက်လုပ် နေသည့် ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေကျပ် ၁၅ သိန်း၊ ပေါက်တူးကျေးရွာ ရွာအဝင်လမ်းပြုလုပ်ရာတွင် လယ်မြေအချို့ပါဝင်သွားကြသည့် တောင်သူခြောက်ဦး အတွက် နစ်နာကြေးငွေကျပ် ၆၀၀၀၀၀၊ ပေါက်တူးကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် စေတီတော်တွင် အရန်စေတီနှင့် ထီးတော်အတွက် အလှူငွေကျပ်သိန်း ၂၀၊ ဓနိကျေးရွာ ဘုန်းတော်ကြီးကျောင်း မျက်နှာကျက်ပြုလုပ်ရန် အလှူငွေ ကျပ် ၅၀၀၀၀၀၊ သစ်ကောက် ကျေးရွာ ဘုန်းတော်ကြီး ကျောင်း ဆောက်လုပ်ရန် အလှူငွေကျပ် ၁၀ သိန်း၊ ပြာတိုက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းပြုပြင်ရန် အလှူငွေကျပ် ၁၀ သိန်း တို့ကို အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။