ရခိုင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်း

Printer-friendly versionSend by email

ရခိုင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၂၆

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တစ်ဆင့် Myanmar C.P Livestock ကုမ္ပဏီက ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)မှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူ များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အွန်လိုင်းဖြင့် ကျင်းပ သည်။

အခမ်းအနားသို့ UEHRD ကော်မတီ ဝင်များဖြစ်ကြသော ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ သတင်းနှင့်ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဦးကျော်မြိုင်၊ စီမံခန့်ခွဲမှု အရာရှိချုပ် ဦးညီငြိမ်းအေး၊ ရခိုင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်အေးသိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitree-phithak ၊ Myanmar C.P Livestock ကုမ္ပဏီ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Mr. Prachya Pleanpakdee ၊ UEHRD လုပ်ငန်းအဖွဲ့များမှ တာဝန် ရှိသူများ၊ We Love Rakhine မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak က လှူဒါန်းရသည့်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး UEHRD ကော်မတီညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံသံအမတ်ကြီး နှင့် Myanmar C.P Livestock ကုမ္ပဏီ ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌတို့က ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူများအတွက် အမေရိကန်ဒေါ်လာ ၃၃၀၀၀ တန်ဖိုးရှိ ပါးစပ်နှင့် နှာခေါင်းစည်း သုံးသိန်းနှင့် တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ၂၀၀ တို့ကို UEHRD ကော်မတီမှတစ်ဆင့် We Love Rakhine အဖွဲ့အစည်းသို့ လှူဒါန်းပေးအပ်သည်။

ယနေ့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာပစ္စည်း များကို ရခိုင်ပြည်နယ်သို့ အမြန်ဆုံး ရောက်ရှိသွားအောင် We Love Rakhine အဖွဲ့က စီစဉ်ဆောင်ရွက်နေပြီး UEHRD ကော်မတီကလည်း လိုအပ်သည်များ ညှိနှိုင်းကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။