ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများဆိုင်ရာစီမံချက်များ ညှိနှိုင်း

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများဆိုင်ရာစီမံချက်များ ညှိနှိုင်း

နေပြည်တော် ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြု ချက်များကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ကော်မတီဝင် ဝန်ကြီးဌာနများ နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အရေးကြီးသောကဏ္ဍများ ပြန်လည်သုံးသပ် ညှိနှိုင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက် ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ (၃)နှစ်တာကာလ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အရေးကြီးသောကဏ္ဍများဖြစ်သည့် နိုင်ငံသား ဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်နှင့် IDP ကိစ္စရပ်များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ချက်များအပေါ် သုံးသပ်ညှိနှိုင်းရန် လိုအပ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင် ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံ အတွင်း နေထိုင်သူများအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ နိုင်ငံသား စိစစ်မှုခံယူခြင်းနှင့် ရရှိသင့်သည့် အခွင့်အရေးများကို တစ်ပါတည်းရရှိခံစားနိုင်ရေးသည် အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိ ဌာနအဖွဲ့အစည်းများအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ မိမိတို့ စိစစ်ဆောင်ရွက်ပေးရန် ရှိသည်များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးခြင်း ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။

ယခုအကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကာလအတွင်း လက်တွေ့အခြေအနေ၌ လုပ်ငန်းအဆင့်ဆင့် တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်း ဖြေရှင်းရန် နည်းလမ်းများရှာဖွေရန် လိုအပ်ကြောင်း၊ ဤ လုပ်ငန်းစဉ်များသည် ရေရှည်တွင်လည်း ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်၍ ပြီးစီးရန် အချိန် ကာလသတ်မှတ်ခြင်း မပြုနိုင်သော်လည်း ပြီးစီးနိုင်သည့် လုပ်ငန်းပမာဏကို သတ်မှတ်၍ ပြီးမြောက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်သည့် လုပ်ငန်းရပ်တိုင်းတွင် ဥပဒေအရ ခံစားခွင့်ရှိသူများနှင့် ဒေသတွင်းနေထိုင်သူအားလုံး သဘောပေါက်သိရှိပြီး ပူးပေါင်းဆောင်ရွက်ကြရန် ပညာ ပေးမှုများ၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် ဥပဒေနှင့်အညီ အမှန် တကယ်ခံစားရရှိမှုများ သေချာစေရန် လူမှုသဟဇာတ ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးရက ဥပဒေနှင့်အညီ ဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပိုမိုစနစ်တကျဖြစ်ပြီး သွက်လက်မြန်ဆန်သော အကောင် အထည်ဖော်မှုများကို ဦးတည်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီတွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တည်ဆဲဥပဒေများ၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များ၊ တွေ့ကြုံခဲ့ရသည့်အခက်အခဲနှင့် စိန်ခေါ်မှု များ၊ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ကဏ္ဍအလိုက် လိုအပ်သော ဖြည့်ဆည်းပေါင်းစပ်ပေးရန်ကိစ္စများ စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။