နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများ ရေရှည်ကြံ့ခိုင်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်း

Printer-friendly versionSend by email

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများ ရေရှည်ကြံ့ခိုင်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်း

နေပြည်တော် ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် တည်ဆောက် ထားသည့် အခြေခံအဆောက်အအုံများ၏ လက်ရှိအခြေအနေ နှင့် ရေရှည်ကြံ့ခိုင်ရေးကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ပေးထားသည့် အဆောက်အအုံများ၏ လက်ရှိ အခြေအနေနှင့် ရေရှည်ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်များသည် အလွန်အရေးကြီးသည့်အတွက် မြေပြင်တွင် လက်တွေ့ ဆောင်ရွက်နေရသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်ပါကြောင်း။

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်တွင် နေထိုင် လျက်ရှိသည့် အစ္စလာမ်ဘာသာဝင်များ တစ်ဖက်နိုင်ငံသို့ အုပ်စုလိုက် တရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်း အခြေချနေထိုင်ခဲ့ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများကို ပြန်လည်ခေါ်ယူရမည်ဖြစ်ကြောင်းကို နိုင်ငံတကာသို့အသိပေးခဲ့ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုအစီအစဉ်ကို ရေးဆွဲအတည်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း။

နေရပ်စွန့်ခွာသူများ စနစ်တကျ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားနိုင်ရေးအတွက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ကို ၂၀၁၈ ခုနှစ် မတ် ၁၅ ရက်တွင် ဖွဲ့စည်း၍ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များကို စနစ်တကျအကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကော်မတီ နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီတို့ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် အာဆီယံနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း။

နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာချိန်တွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တောင်ပြို(လက်ဝဲ)၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းများနှင့် ယာယီနေထိုင်နိုင်ရန် လှဖိုးခေါင်ကြားစခန်းများတွင် ယာယီ တဲတန်းလျားများကို လည်းကောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးချိန်တွင် ပြန်လည်နေရာ ချထားရေးနှင့် တစ်ဖက်နိုင်ငံသို့ထွက်ခွာခြင်းမပြုဘဲ ဒေသအတွင်း ကျန်ရှိနေသည့် နေရပ်စွန့်ခွာသူများအတွက် နေအိမ် များ၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်း၊ တံတားစသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် UEHRD က ဦးဆောင်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် မိတ်ဆွေနိုင်ငံများ၏ ကူညီထောက်ပံ့ လှူဒါန်းငွေကျပ် ၁၈ ဘီလီယံကျော် သုံးစွဲခဲ့ရပါကြောင်း။

တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များအတွက် နေအိမ် ၁၈၅၄ လုံး တည်ဆောက် ပေးခဲ့ပြီး ၁၂၉၄ လုံး နေရာချထားပြီးဖြစ်ပါကြောင်း၊ နေအိမ် နှင့် တဲတန်းလျားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် UEHRD ကော်မတီ ရန်ပုံငွေမှ ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် သုံးစွဲခဲ့ရပါကြောင်း။

အဆိုပါ အဆောက်အအုံများကို စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက်ထားသည့်အတွက် ပျက်စီး ဆုံးရှုံးမှုနည်းပါးအောင် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးစခန်းများတွင် တည်ဆောက်ထားသည့် နေအိမ်များမှာ ယာယီနေထိုင်ရန် အတွက်သာ ရည်ရွယ်၍ တည်ဆောက်ထားသည့်အတွက် တစ်စတစ်စ ပျက်စီးယိုယွင်းလျက်ရှိပါကြောင်း၊ နောင်တွင် ရေရှည်အသုံးပြုနိုင်အောင် အစီအမံများဖြင့် စနစ်တကျ တည်ဆောက်ပေးရန် အရေးကြီးပါကြောင်းနှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် နေအိမ်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများကို အကြံပြုဝိုင်းဝန်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်က နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်း၊ တံတားများတည်ဆောက်ခြင်း၊ ဆိုလာမီး၊ IDP စခန်းများအတွက် လုံးချင်းအိမ်ရာများ ဆောက်လုပ် ပေးခြင်း စသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအတွက် နေအိမ်များ တည်ဆောက်ရာတွင် ရာသီဥတု၊ ပထဝီအနေအထားတို့ အပြင် ရခိုင်ပြည်နယ်တွင် ဒေသခံများ၏နေအိမ် ဆောက်လုပ်ထားရှိမှု ပုံစံဒီဇိုင်းနှင့် နည်းပညာတို့ကိုပါ အခြေခံ၍ ဆောက်လုပ်ရန်လိုအပ်ပါကြောင်း၊ နေအိမ် အများစုမှာ ပြင်းထန်သည့်ရာသီဥတုဒဏ်မခံရဘဲ ပျက်စီးမှု များရှိနေ၍ ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးကို ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးမဟာဗျူဟာနှင့် ချိတ်ဆက် ဆောင်ရွက်ရန်လိုပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်ဝင်ရောက်လာမည့်သူများအပြင် နယ်စပ်ခြံစည်းရိုးအနီးတွင် တရားမဝင်နေထိုင်သူများ ပြန်လည်ဝင်ရောက်လာနိုင်ရန်လည်း ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့်သူများကို စနစ်တကျ ပြန်လည်နေရာချထားနိုင်ရန် မြေနေရာရွေးချယ်ခြင်း၊ နေအိမ်များတည်ဆောက်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာကိစ္စရပ်များကို ပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဘဏ္ဍာနှစ်အလိုက် စီမံကိန်းများ လျာထားဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြောကြား သည်။

ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြန်လည်လက်ခံရေးစခန်းများရှိ ယာယီတဲတန်းလျားများနှင့် ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ထားသည့် နေအိမ်များ၏ လက်ရှိအခြေအနေနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရမည့်အခြေအနေများ၊ Cash For Work အစီအစဉ်ဖြင့် နေအိမ်ဆောက်လုပ်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြန်လည်လက်ခံမည့် လူဦးရေစာရင်းများ စိစစ်ပြီးစီးမှုအခြေအနေများ၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည်နေရာချထားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ နေအိမ်များတည်ဆောက်ပြီးစီးမှု၊ နေရာချထားပေးနိုင်မှု အခြေအနေများနှင့် နေအိမ်များဆောက်လုပ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက နေရပ်စွန့်ခွာသူများ စနစ်တကျ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ အဆောက်အအုံများကြံ့ခိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။