မုံးကိုးရဲစခန်းဝင်းနှင့် အထကကျောင်းဝင်းအတွင်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများတွေ့ရှိ

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၇

မူဆယ်မြို့နယ် မုံးကိုးမြို့အတွင်း တပ်မတော်စစ်ကြောင်းများနယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မုံးကိုးတိုက်ပွဲအတွင်း ပျောက်ဆုံးခဲ့သော ရဲတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

 

မုံးကိုးဒေသတိုက်ပွဲဖြစ်စဉ်များအတွင်း ဒီဇင်ဘာ ၂ရက်က KIA/ TNLA/  MNDAA  ပူးပေါင်း လက်နက်ကိုင်အဖွဲ့များမှ သာလွန်အင်အားဖြင့် မုံးကိုးနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးခဲ့ကြောင်းသိရသည်။

 

တပ်မတော်စစ်ကြောင်းများက မုံးကိုးဒေသအတွင်းဒီဇင်ဘာ ၄ ရက်တွင် နယ်မြေရှင်းလင်းစဉ် မုံးကိုးမြို့ ရပ်ကွက်(၅)အတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ဖက်နိုင်ငံအတွင်း ရောက်ရှိသွားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အဆက်အသွယ် ရရှိခဲ့ကြောင်း၊ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်း တွင် မုံးကိုးရဲစခန်းအနီး စာသင်ကျောင်းအတွင်း အုတ်ရေကန်အနီး၌ ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းအား လည်းကောင်း၊ စာသင်ကျောင်းနှင့် ရဲစခန်းအကြား လယ်ကွင်းပြင်တွင် ရဲတပ်ဖွဲ့ဝင်ငါးဦး၏ ရုပ်အလောင်းအားလည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား မုံးကိုးရဲစခန်းအတွင်းမှလည်းကောင်း ပြန်လည် တွေ့ရှိခဲ့ကြောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် မုံးကိုး စာသင်ကျောင်းအတွင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ထပ်မံတွေ့ရှိခဲ့သဖြင့် ပျောက်ဆုံးရဲတပ်ဖွဲ့ဝင် ၁၆ ဦး အနက် အသက်ရှင်လျက်ပြန်တွေ့သူ လေးဦး၊ ကျဆုံး ကိုးဦးနှင့် ပျောက်ဆုံးဆဲ သုံးဦးဖြစ်ကြောင်း သိရှိရသည်။

 

ထို့ပြင် မုံးကိုးရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ကျန်းမာရေးမကောင်းသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးနှင့်အခြားအရပ်သားတစ်ဦးတို့ပါ သေဆုံးခဲ့ရကြောင်း သိရှိရသည်။