မုံးကိုးမြို့အတွင်းနှင့် အနီးဝန်းကျင်းတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးများ ဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ တွေ့ရှိသိမ်းဆည်း

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့သို့ တပ်မတော်စစ်ကူစစ်ကြောင်းများ ရောက်ရှိပြီး နောက်မြို့ လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန်၊ ပြည်သူအများ အေးချမ်းစွာပြန်လည် နေထိုင်နိုင်ရေး နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၇ ရက်ညပိုင်းတွင် မုံးကိုးမြို့ ရဲစခန်းအတွင်းမှ အမ် ၂၂ သေနတ်ရှစ်လက်၊ ယင်းကျည်အိမ်တစ်ခု၊ ခြောက်လုံးပြူး လေးလက်၊ ယင်းကျည် အတောင့် ၂၀၀၊ အမ် ၂၃ ကျည်အိမ် အဝိုင်းကိုးခုနှင့် ကျည်ခါးပတ် တစ်တွဲတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယနေ့တွင်လည်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက်ရှိရာ မုံးကိုးမြို့အတွင်းမှ ၆၀ မမ စိန်ပြောင်း တစ်လက်၊ယင်းလက်နက် နှစ်ချောင်း ထောက် အောက်ခံခုံပါ တစ်စုံနှင့် ချိန်ဆိုဒ် တစ်ခု၊ ယင်းဗုံးသီး ခုနစ်လုံး၊ ပစ္စတို နှစ်လက်၊ ယင်းကျည် ၃၇ တောင့်၊ အမ် ၂၂ နှစ်လက်၊ ကာဘိုင် သေနတ်တစ်လက်၊ ရိုင်ဖယ် သေနတ် တစ်လက်၊ လုပ်သေနတ် တစ်လက်၊ အမ် ၂၂ ကျည်အိမ် ကိုးခု၊ အမ် ၂၂ ကျည်တောင့် ၉၄၀၊ လက်ပစ်ဗုံး ၁၃ လုံး၊ အမ် ၁၆ ကျည်တောင့် ၃၈၀၊ စနိုက်ပါ မှန်ပြောင်း တစ်ခုနှင့်လမ်းလျှောက် စကားပြောစက် သုံးလုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 

တပ်မတော်စစ်ကြောင်းများအနေဖြင့် မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား နေ့ညမပြတ် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။