ကွတ်ခိုင်မြို့နယ်ဒေသန္တရ လက်လုပ်မိုင်းများ တွေ့ရှိ

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၈

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်မြို့နယ် နမ့်ပါချီးရွာအနီး ပြည်ထောင်စုကားလမ်းအောက်ရှိ ရေဆင်းပြွန်အတွင်းမှ ဒေသန္တရ လက်လုပ်မိုင်းကိုးလုံးကိုတွေ့ရှိ ရှင်းလင်းခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေသတင်းပေးချက်အရ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ကွတ်ခိုင်မြို့နယ် ဆင်မိန်းဟိုကျန့်အုပ်စု နမ့်ပါချီးရွာ ပြည်ထောင်စုကားလမ်းအောက်မှဖြတ်၍ သွယ်တန်းထားသော ရေဆင်းပြွန်ကို သွားရောက်စစ်ဆေးရာ ရေပြွန်အတွင်းမှ ဒေသန္တရ လက်လုပ်မိုင်းကိုးလုံးကို တွေ့ရှိခဲ့သည်။

အဆိုပါ မိုင်းကိုးလုံးသည် အမြင့် ခြောက်လက်မ၊ အချင်းလေးလက်မရှိ သံကိုယ်ထည်ဖြင့် ပြုလုပ်ထား သည်ဒေသန္တရ လက်လုပ်မိုင်းများဖြစ်ပြီး မိုင်းနှင့်အတူ ၁၄ ဒသမ ၈ ဗို့ ဘက်ထရီတစ်လုံး၊ အဖြူအနီ ဝါယာကြိုးဖြင့် တွဲထားသောစနက်တံ ကိုးချောင်းနှင့်အဝေးထိန်း ဆားကစ်အုံတစ်ခုတို့ တွေ့ရှိခဲ့ရပြီး တပ်မတော်စစ်ကြောင်းက သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်း သိရသည်။