ရန်ကုန်လေဆိပ်တွင် ဦးကိုနီ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များအပေါ် ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်

Printer-friendly versionSend by email

ရန်ကုန် ဖေဖော်ဝါရီ ၂၅

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးကိုနီ ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပစ်ခတ်ထွက်ပြေးသူ ကြည်လင်း (ခ) ဖိုးထူး၊ ကြည်လင်းအား စေခိုင်းသူ အောင်ဝင်းဇော်၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ဇေယျာဖြိုး တို့ကို ဖမ်းဆီးရမိထားကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ အောင်ဝင်းခိုင်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး အမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူ သုံးဦးအပြင် အမျိုးသား ၇၁ ဦး၊ အမျိုးသမီးနှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

 အမှုမှ ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်းခိုင်အား ဖမ်းဆီးရမိရေးအတွက် ၎င်း၏ ဓာတ်ပုံနှင့် အချက်အလက်များအား ပြည်တွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးသို့ ဖြန့်ဝေ၍ စုံစမ်း ဖော်ထုတ်လျက်ရှိသည့် အပြင် နိုင်ငံတကာရဲတပ်ဖွဲ့နှင့် အာဆီယံရဲတပ်ဖွဲ့တို့သို့လည်း ပေးပို့ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက် အစည်းအဝေးခန်းမ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

ပြစ်မှုကျူးလွန်သူ ကြည်လင်း(ခ)ဖိုးထူးမှာ ၁၉၈၅ ခုနှစ်တွင် ဘုရားခိုးမှုဖြင့် ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင် ရှေးဟောင်းပစ္စည်းနှင့် ဘုရားခိုးမှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ပြစ်ဒဏ်ချမှတ်ခံရကာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

 ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပြီးထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်းခိုင်သည် ၂ဝ၁၄ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် တပ်မတော်မှ နုတ်ထွက်လာပြီးနောက် ယခင်တပ်မတော်အတွင်း ရင်းနှီးခဲ့သူ ဇေယျာဖြိုးနှင့် ပြန် လည်တွေ့ဆုံပြီး ဇေယျာဖြိုးမှ စီးပွားရေးအတူလုပ်ရန် ကမ်းလှမ်းချက်အရ ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရောင်ဝါဖြိုးကုမ္ပဏီအား ပူးပေါင်းတည်ထောင်ကာ အောင်ဝင်းခိုင်က MD အဖြစ် လည်းကောင်း၊ ဇေယျာဖြိုး၏ ဇနီးဖြစ်သူ မသီတာလွင်နှင့် ညီဖြစ်သူ ရဲဟိန်းတို့က ဒါရိုက်တာများ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာဖြိုးသည် ၂ဝ၁၆ ခုနှစ် ဧပြီလဆန်းခန့်တွင် အောင်ဝင်းခိုင်၊ လင်းဇော်ထွန်းတို့နှင့် တာမွေမြို့နယ်ရှိ မော်ဒန် လက်ဖက်ရည်ဆိုင်၌ မကြာခဏ တွေ့ဆုံစဉ် လူမှုကွန်ရက်များတွင် တွေ့နေရသည့် ဦးကိုနီ၏ ပြောဆို လုပ်ကိုင် ဆောင်ရွက်နေ မှုများကို ပြောဆိုဆွေးနွေးခဲ့ကြပြီး ပုဂ္ဂိုလ်ရေးမကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းမှ အစပြု၍ ယခုကဲ့သို့ လုပ်ကြံမှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရဲချုပ်က ပြောကြား ခဲ့သည်။

ဇေယျာဖြိုးနှင့် အောင်ဝင်းခိုင်တို့သည် ဦးကိုနီအားရှင်းပစ်ရန် တိုင်ပင်ခဲ့ကြကာ အောင်ဝင်းခိုင်က အောင်ဝင်းဇော်ထံ ဦးကိုနီအားသတ်ရန် ကြိုတင်ငွေအဖြစ် ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ငွေကျပ်သိန်း ၄ဝဝ ပေးခဲ့ပြီး ဇေယျာဖြိုး က အောင်ဝင်းခိုင်အား ၂ဝ၁၆ ခုနှစ် ဩဂုတ်လတွင် ငွေကျပ်သိန်း ၁ဝဝဝ ကို ပေးအပ်ခဲ့သည်ဟု သိရသည်။

ဇေယျာဖြိုးမှာ ၁၉၉၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၃၈ သို့ တက်ရောက်အောင်မြင်ခဲ့ပြီး တပ်မတော် သတင်းစုဆောင်းရေးအတတ်သင်ကျောင်း၌ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်း ဆောင်နေစဉ် ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် အငြိမ်းစားပေးခြင်းခံခဲ့ရသည်။ ဇေယျာဖြိုးသည် ZYP Co., Ltd, AIS Co., Ltd., 38 Group ကုမ္ပဏီနှင့် ရောင်ဝါဖြိုးကုမ္ပဏီတို့ကို တည်ထောင်လုပ်ကိုင်နေသူဖြစ်သည်။

အောင်ဝင်းခိုင်က သူ၏အစ်ကို အောင်ဝင်းဇော်နှင့် တိုင်ပင်ပြီး ယခု ဖြစ်စဉ်ကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဝင်းဇော် ဆိုသူမှာ ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ် အထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၃၄ သို့တက်ရောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် တပ်မတော်အက်ဥပဒေ ပုဒ်မ ၄၃ (ဃ) ဖြင့် ထောင်ဒဏ် ၂ နှစ် တစ်ကြိမ်၊ ထောင်မှ ပြန်လည် လွတ်မြောက်ခဲ့ပြီး ၂ဝဝ၂ ခုနှစ်တွင် ဘုတလင်မြို့နယ်၌ ကြည်လင်း(ခ)ဖိုးထူးနှင့်အတူ ဘုရားခိုးမှု သုံးမှုဖြင့် ထောင်ဒဏ် ၂၇ နှစ်တစ်ကြိမ် ပြစ်ဒဏ်ချမှတ်ခံရကာ ၂ဝ၁၄ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူတစ်ဦးဖြစ်ကြောင်း။

အောင်ဝင်းဇော်သည် ၂ဝ၁၆ ခုနှစ် မေလခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်နေ နဂါး (ခ) အောင်ကြည်လင်း(ခ) အောင်ကြည်စိုး(ခ) အောင်နိုင်မြင့်ထံ ဆက်သွယ်၍ ဦးကိုနီအား ဓား သို့မဟုတ် စကေဘာဖြင့် ထိုးသတ်ရန် ညှိနှိုင်းခဲ့ပြီး နဂါးမှ ငွေကျပ်သိန်း ၂ဝဝ နှင့် လိုင်စင်မဲ့ကားတစ်စီးဖြင့် သတ်ပေးရန် သဘောတူညီခဲ့သော်လည်း နောက်ပိုင်းတွင် နဂါးမှာ တိမ်းရှောင်သွားသဖြင့် အဆင်မပြေခဲ့ကြောင်း။

၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် အင်းစိန်မြို့နယ်နေ အောင်စိုးအား သွားရောက်တွေ့ဆုံ၍ သံတမန်တစ်ဦးအား သတ်ဖြတ်ပေးရန်နှင့် အခကြေးငွေပေးမည်ဟု ကနဦး ညှိနှိုင်းခဲ့သော်လည်း အောင်စိုးက ငြင်းဆိုသဖြင့် ဆောင်ရွက်နိုင်မှု မရှိခဲ့ကြောင်း ရဲချုပ်၏ ရှင်းလင်းပြောကြားချက်တွင် ပါရှိသည်။

အောင်ဝင်းဇော်က ၂ဝ၁၆ ခုနှစ် ဩဂုတ်လတွင် ကြည်လင်းအား ဦးကိုနီ၏ ဓာတ်ပုံအားပြသ၍ လုပ်ကြံသတ်ဖြတ်ရန် ညှိနှိုင်းခဲ့ရာ သိန်း ၂ဝဝ တန် ကားတစ်စီးရပါက ဆောင်ရွက်ပေးမည်ဟု ကြည်လင်းက သဘောတူခဲ့ကြောင်း၊ ကြည်လင်းအား အောင်ဝင်းဇော်က ငွေကျပ် ၂၄ သိန်းခန့် ကြိုတင်ပေးခြင်း၊ ၉ မမ ပစ္စတိုတစ်လက်နှင့် ကျည် ၁၁ တောင့်၊ ၅ လုံးပြူးသေနတ် တစ်လက်နှင့် ကျည်လေးတောင့်တို့ကို ငွေကျပ် ၅၅ သိန်းဖြင့် ဝယ်ယူခြင်း၊ ဦးကိုနီနေထိုင်သည့် ၃၇ လမ်း၊ ၄၂ လမ်း၊ ဗိုလ်အောင်ကျော်လမ်းရှိ နေအိမ်များသို့ ၇ ကြိမ်ခန့် လိုက်လံချောင်းမြောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီ ၅၉ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal–1 ဂိတ်အမှတ်(၆) အပြင်ဘက် မော်တော်ယာဉ်ရပ်နားရာ နေရာတွင် ကလေးချီလျက်ရပ်နေသည့် ဦးကိုနီ၏ နောက်စေ့ကို ကြည်လင်းက သေနတ်ဖြင့် ချိန်ရွယ်၍ အနီးကပ်တစ်ချက် ပစ်ခတ်ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြည်လင်းအား ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီကျော်ခန့်တွင် လေဆိပ် ယာဉ်ရပ်နားကွင်းအနီးရှိ ပြည်သူများ၊ အငှားယာဉ်မောင်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရမိခဲ့ပြီး အောင်ဝင်းဇော် အား ဇန်နဝါရီ ၃ဝ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ တွင် ကရင်ပြည်နယ် သံလွင်တံတား(ဘားအံ) စစ်ဆေးရေးဂိတ်တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကာ ဇေယျာဖြိုးကို ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကင်းမြို့နယ် ကျောက်ကုန်း ရပ်ကွက်ရှိ ကျောက်ကုန်း ပရိယတ္တိစာသင်တိုက်၌ တပ်မတော်က ဖမ်းဆီး၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အမှုနှင့်ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ပြီးနောက်ပိုင်း အောင်ဝင်းခိုင်၏ ဓာတ်ပုံများ၊ အပတ်စဉ်တူ အဖွဲ့များ စုစည်းရိုက်ထားသည့် ဓာတ်ပုံများ၊ ဟောင်ကောင်တွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ဟောင်ကောင် ကောင်စစ်ဝန်ချုပ် ဦးဇော်ဇော်စိုး၊ သံမှူး ဦးကျော်ဇေယျာလင်းတို့နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံများ၊ အောင်ဝင်းခိုင်နှင့် စီးပွား၊ ကုမ္ပဏီလုပ်ငန်း ဆက်စပ်သူ ဇေယျာဖြိုး၏ ပုံများသည် ဖော်ပြချက်၊ ယူဆချက် အရေးအသား အမျိုးမျိုးဖြင့် လူမှုကွန်ရက်များတွင် ပျံ့နှံ့လာခဲ့ကြောင်း၊ ဖော်ပြသည့် ဓာတ်ပုံများနှင့် ပတ်သက်၍ ပုံပါဝင်သူများကို စိစစ်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ဦးလင်းဇော်ထွန်း၊ ဦးဇော်ဇော်စိုး၊ ဦးကျော်ဇေယျာလင်း တို့ကို ခေါ်ယူ၍ တွေ့ဆုံမေးမြန်း ခဲ့ကြောင်း၊ လုပ်ငန်းတူ၊ အပတ်စဉ်တူများဖြစ်ပြီး ဂေါက်ရိုက်ပြိုင်ပွဲ၊ ညစာစားပွဲ အစီအစဉ်များ၊ အလှူအတန်းပြု အစီအစဉ်များ၊ ဟောင်ကောင်သို့ အလည်အပတ်သွားစဉ် တွေ့ဆုံသည့် အသိမိတ်ဆွေများနှင့် အမှတ်တရ ရိုက်ထားသည့် ပုံများသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး အမှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးပေါ်ပေါက်မှုမရှိကြောင်း ရဲချုပ်ဇော်ဝင်း၏ ပြောကြားချက်များအရ သိရှိရသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ''ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိမိတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ထိုက်သင့်သည့် စုံစမ်းဖော်ထုတ်မှုများကို ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ဆက်လက်စုံစမ်းစစ်ဆေးမှုများကို ရပ်တန့်သွားမှာ မဟုတ်ဘဲ စစ်ဆေးတွေ့ရှိတဲ့ သတင်းအချက်အလက်တွေအပေါ် ဆက်လက်ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲအပြီးတွင် တက်ရောက်လာကြသည့် သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ရဲချုပ်ဇော်ဝင်းတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။