ပြည်သူလူထု၏ အလိုအပ်ဆုံးသော ထာဝရငြိမ်းချမ်းရေးရရှိအောင် ပူးပေါင်းဆောင်ရွက်

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၌ နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် မုံးကိုးဖြစ်စဉ်များနှင့်  ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့်  နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများကို အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့မှုဖြစ်စဉ်များနှင့်  စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဘုရင့်နောင်ရိပ်သာ၌ ကျင်းပရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ရှင်းလင်း ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁ဝရက်တွင် ဖုန်တာရွှင်သည် ကိုးကန့်ဒေသအတွင်းသို့ ပြန်လည်အခြေချ လှုပ်ရှားနိုင်ရန်နှင့် မုံးကိုး၊ ဖောင်းဆိုင် နယ်မြေအတွင်း အခြေခံနယ်မြေတည်ဆောက်ရန် KIA ၊ MNDAA  ၊ TNLA အင်အား ၁၀၀၀ ခန့်ဖြင့် တပ်ပေါင်းစုအမည်ခံ၍ လှုပ်ရှားဆောင်ရွက်ရန် ညှိနှိုင်းစီစဉ်ခဲ့သည်ကို သတင်းရရှိခဲ့ ပါကြောင်း၊ နိုဝင်ဘာလ ဒုတိယအပတ်တွင် MNDAA အဖွဲ့မှ ဖုန်တာရွှင် ခေါင်းဆောင်သော အင်အား ၃၀၀ ခန့်က ဟုံအိုင်မှ မုံးကိုးနယ်မြေအတွင်းသို့ ရောက်ရှိပြီး မုံးကိုးဒေသအား သိမ်းပိုက်ရန်နှင့်  မူဆယ်မြို့ အား စီးနင်းတိုက်ခိုက်ရန်စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုဝင်ဘာ၂၀ ရက်တွင် မုံးကိုးစခန်းသို့ KIA နှင့်  MNDAA တို့ အင်အား၂၀၀ ခန့်က လေးနေရာခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပါကြောင်း၊ ထို့အပြင် မန်ကန်စခန်း၊ ဖောင်းဆိုင်စခန်း၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မူဆယ်တပ်စခန်း၊ မူဆယ်ရဲကင်း၊ ကြူကုတ်(ပန်ဆိုင်း)စခန်း၊ နမ့်ပေါ်တံတား၊ မုံးပေါ်စခန်းတို့အား ဝင်ရောက် တိုက်ခိုက်ခဲ့ပါကြောင်း၊ နိုဝင်ဘာ ၂၂ ရက်တွင် မုံးကိုးစခန်းသို့ ထပ်မံတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်တွင် အင်အား ၅၀၀ ခန့် သာလွန် အင်အားအသုံးပြုပြီး အနီးကပ် တိုက်ပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ မြေဖြတ်ကျင်းများ ပိတ်ဆို့ဆောင်ရွက်ခဲ့ပါကြောင်း၊ KIA ၊ MNDAA ၊ TNLA  ၊ AA တို့ ပူးပေါင်းအဖွဲ့များ၏ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်း၊ တံတားများ မိုင်းခွဲဖျက်ဆီးခြင်းများကြောင့် ဒေသခံပြည်သူများ သေဆုံးပြီး ဒဏ်ရာရရှိခဲ့ပါကြောင်း။

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင်လည်း ကုန်တင်ယာဉ်များအား မီးရှို့ခြင်း၊ လမ်းကြောင်းပိတ်ဆို့ခြင်းများ ခုနစ်ကြိမ်ဆောင်ရွက်ခဲ့ပြီး ယာဉ်မောင်းနှစ်ဦးနှင့်  အပြစ်မဲ့ပြည်သူနှစ်ဦးတို့အား အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပါကြောင်း၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ငါးရက်ကြာ တိုက်ခိုက်မှုကြောင့် ကုန်စည်စီးဆင်းမှုရပ်နားခဲ့ရပြီး ငါးရက်တာကာလအတွင်း တိုင်းပြည်အတွက် ဒေါ်လာ သန်း ၉၀ ဒသမ ၅၅၅ ထိခိုက်နစ်နာခဲ့ပါကြောင်း၊ မုံးကိုးဒေသသည် မဟာဗျူဟာအရ အရေးပါသော နေရာ ဖြစ်ပါကြောင်း၊ မုံးကိုးဒေသကိုရရှိပါက တရုတ်-မြန်မာ အဓိက ကုန်သွယ်ရေးလမ်းကြောင်းကို ခြိမ်းခြောက်နိုင်မည်ဖြစ်ခြင်း၊ တစ်ခုတည်းသော ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်ထားပါက တပ်မတော် စစ်ကူ၊ စစ်ကြောင်းများ ရောက်ရှိရန်ကြန့်ကြာနိုင်ခြင်း၊ နယ်စပ်ဒေသဖြစ်၍ မိမိလက်နက်ကြီးဖြင့် လေကြောင်း ပစ်ကူပေးရန် ကန့်သတ်ချက်များ ရှိနိုင်ခြင်းတို့ကို သုံးသပ်၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့ အနေဖြင့် မုံးကိုးဒေသကို ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်နိုင်ပါကြောင်း။

သို့သော်လည်း တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ဒေသခံပြည်သူများဘ၀ လုံခြုံစိတ်ချမှုရှိစေရေး၊ နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားများ မထိခိုက်စေရေး၊ နိုင်ငံတော်၏ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဥပဒေနှင့်အညီ သာယာဖြောင့်ဖြူးစွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် မုံးကိုးနယ်မြေအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစပြီး စစ်ဆင်ရေးနှင့်  လုံခြုံရေး များကို ဆောင်ရွက်ခဲ့ရပါကြောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝသည့်  ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေး ရရှိရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားပေါင်းစုံဖြင့် စုစည်း ထားသည့်  တပ်မတော် အနေဖြင့် မည်သည့် ခွဲခြားမှုမျှမရှိဘဲနိုင်ငံတော်တိုးတက်ဖွံ့ဖြိုးမှုနှင့်  တိုင်းရင်းသားများ၏ လူမှုအကျိုးစီးပွားတိုးတက်မှုကို ကျရာအခန်းကဏ္ဍမှ အဓိက ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် နောက်ကြောင်း ပြန်တောင်းဆိုမှုများ ထက် အနာဂတ်ကို မျှော်တွေးပြီး ပြည်သူလူထု၏ အလိုအပ်ဆုံးသော ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့အပြင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက မုံးကိုးဒေသတွင် ၁၉၆၇ ခုနှစ်မှစ၍ ဗကပတို့ လှုပ်ရှားခဲ့မှု၊ ၁၉၈၅ ခုနှစ်တွင် တစ်ဖက်နိုင်ငံမှ အကူအညီဖြတ်တောက်ခဲ့သည့် အတွက် စစ်ရေး၊ စီးပွားရေးနှင့်  အုပ်ချုပ်ရေးတို့တွင် ဗကပတို့ ဩဇာကျဆင်းခဲ့မှု၊ ဖုန်အုပ်စုနှင့်  ရန်အုပ်စအရေးအခင်းဖြစ်ပွားခဲ့မှု၊ လောက်ကိုင် အရေးအခင်းဖြစ်ပွားခဲ့မှု၊ ဖုန်ကြားရှင်အား နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့မှု၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း လောက်ကိုင်ဒေသသို့ လက်နက်ကိုင်များ ဝင်ရောက် တိုက်ခိုက်မှု၊ MNDAA အဖွဲ့ မုံးကိုးဒေသသို့ ဝင်ရောက်လှုပ်ရှားခဲ့မှုတို့နှင့်  စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်  စပ်လျဉ်း၍ ပြောကြားရာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရစခန်းတို့အား အကြမ်းဖက်သမားများ ဝင်ရောက်စီးနင်းခဲ့မှု၊ ယင်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့မှုနှင့်  လက်နက်မျိုးစုံဆုံးရှုံးခဲ့မှု၊ အကြမ်းဖက်သမားများ ဖမ်းဆီးရရှိမှု၊ နိုဝင်ဘာ ၁၂ ရက်တွင် တပ်မတော်နှင့်  နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းစစ်၏ကြောင်းမှ မယင်းတောင်ကျေးရွာ ရောက်ရှိစဉ် အကြမ်းဖက်သမားများနှင့်  ထိတွေ့မှုဖြစ်ပွားခဲ့မှု၊ ဂွဆုံကျေးရွာအနီး အကြမ်းဖက် သမား ၈၀၀ ခန့်က တပ်မတော် စစ်ကြောင်းအား ဝိုင်းပတ်တိုက်ခိုက်ခဲ့သဖြင့် ယာယီတပ်ရင်းမှူး တစ်ဦး ကျဆုံးခဲ့မှုနှင့်  စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့မှု။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် သည် RSO အကြမ်းဖက်အဖွဲ့နှင့်  မောင်တောဒေသတွင် လှုပ်ရှားခဲ့သည့်  Aqa Mul Mujahidin အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ဦးဆောင်သူမှာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာနေ ဟာဗစ်တူဟာရ်ဖြစ်ပြီး ပါကစ္စတန် နိုင်ငံရှိ တာလီဘန်များထံခြောက်လသင်တန်း တက်ရောက်ခဲ့သူ ဖြစ်ကြောင်း၊ ဟာဗစ်တူဟာရ်က လူမှုကွန်ရက်မှတစ်ဆင့် ဝါဒဖြန့်ဗီဒီယိုများ ထုတ်လွှင့်ခဲ့မှု၊ မောင်တောဒေသတွင် အကြမ်းဖက် သမားများက အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်များ၊ ဘူးသီးတောင်နှင့်  မောင်တောကျေးရွာများအတွင်း ဌာနဆိုင်ရာနှင့်  ပညာရေးဝန်ထမ်းများအား ရဟတ်ယာဉ်များဖြင့် ပြောင်းရွှေ့ပေးခဲ့မှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မောင်တောမြို့နယ်အတွင်းရှိ ဒေသခံများ အား သွားရောက်တွေ့ဆုံအားပေးခဲ့မှု၊ ပြည်ပနိုင်ငံသတင်းမီဒီယာများနှင့်  အဖွဲ့အစည်းများ၏ တစ်ဖက်သတ် စွပ်စွဲဖော်ပြချက်များ၊ ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးရုံး၏အစီရင်ခံစာထုတ်ပြန်ခဲ့မှု၊ ပြည်ပနိုင်ငံအချို့မှ အစိုးရအဖွဲ့၊ ပါတီအဖွဲ့ အစည်းများ၊မြန်မာသံရုံးများရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့မှုများ၊ ရခိုင်ပြည်နယ် အရေးနှင့်  ပတ်သက်၍ အကြံပေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ/မရှိ စုံစမ်းစစ်ဆေးရန်အတွက် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့်  အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှု၊ မစ္စတာ ကိုဖီအာနန်ဦးဆောင်သောအဖွဲ့ ရခိုင်ပြည်နယ် အတွင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ၊ ရခိုင်ပြည်နယ်မောင်တော ဒေသစုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ၊ သံရုံးသံတမန်များနှင့်  ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့များ မောင်တောဒေသသို့ ရောက်ရှိစဉ် တွေ့ရှိချက်များ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ရန်ဟီလီ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဒေသခံများနှင့်  တွေ့ဆုံမေးမြန်းချက်၊ သတင်းထောက်များနှင့်  တွေ့ဆုံစဉ်ပြောကြားချက်များ၊ လုံခြုံရေးနှင့်  တရားဥပဒေစိုးမိုးမှု အခြေအနေ သုံးသပ် တွေ့ရှိချက်များနှင့်  စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးသတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။