လောက်ကိုင်မြို့သို့ MNDAA လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရ

Printer-friendly versionSend by email

မတ် ၆၊ ၂၀၁၇

 

MNDAA လက်နက်ကိုင်အဖွဲ့များသည် မတ်လ ၆ ရက် နံနက် ၂ နာရီ ခန့်တွင် လောက်ကိုင်မြို့ အရှေ့ဘက်မှ ဝင်ရောက်၍ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ အဆောက်အဦများ၊ တပ်စခန်းများနှင့် ရဲစခန်းများအား လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံအပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ပြီး လူနေ အဆောက်အဦများ၊ ဟိုတယ်များ ပျက်စီးခြင်းနှင့် ကားမီးရှို့ခြင်းများ ဖြစ်ပွားခဲ့သည်။

လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရဲစခန်းအား နံနက် ၂ နာရီတွင် MNDAA လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့်က ရဲဝတ်စုံများ ဝတ်ဆင်အယောင်ဆောင်ကာ စခန်း၏ တောင်ဘက်မှဝင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံရေး အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်လျက်ရှိသည်။ အဆိုပါ နေရာသို့လည်း တပ်မတော်နှင့် BGF စစ်ကူ စစ်ကြောင်းများ ချီတက်ပူးပေါင်းလျက်ရှိသည်။

အလားတူ MNDAA လက်နက်ကိုင် အင်အား ၅၀ ခန့်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်အား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီ ခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး ဆုတ်ခွာရာ ရန်သူနောက်သို့ ရှင်းလင်းဆဲဖြစ်သည်။ MNDAA များက နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ်အား ဝင်ရောက်ပစ်ခတ်ပြီး ဟိုတယ်ရှိ မော်တော်ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကာ ဖူလီလိုက် ဟိုတယ် ငွေသိမ်းကောင်တာအား ဓားပြတိုက် လုယက်မှု ကျူးလွန်ပြီး နံနက် ၅ နာရီ ၁၀ မိနစ်တွင် အရှေ့ဘက် နှစ်နိုင်ငံနယ်စပ် BP-127 ဘက်သို့ ဆုတ်ခွာသွားရာ တပ်မတော်စစ်ကြောင်းများကလည်း လိုက်လံရှင်းလင်းဆဲဖြစ်သည်။

MNDAA လက်နက်ကိုင်အဖွဲ့သည် လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်မှု ပြုနေချိန်နှင့် တပြိုင်တည်း နှစ်နိုင်ငံနယ်စပ် BP-125 နှင့် BP-127 အကြားရှိ တပ်မတော်စခန်းများအား အရှေ့ဘက်မှ ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ကနဦးသတင်းများအရ MNDAA လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် သတင်းထုတ်ပြန်ချိန်အထိ အ.မ.က (လောင်အဲချီ) မှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ အများအပြားရှိနေပြီး ဝင်ရောက်တိုက်ခိုက်ရာတွင် MNDAA လက်နက်ကိုင်အဖွဲ့နှင့်အတူ အခြားပူးပေါင်းအဖွဲ့များ ပါရှိဖွယ်ရာရှိကြောင်း သိရှိရကာ MNDAA လက်နက်ကိုင်အဖွဲ့မှ မီးရှို့ထားသည့် အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် ရရှိထားပြီး ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးကြောင်းနှင့် ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)