MNDAA လက်နက်ကိုင်အဖွဲ့များ လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရ

Printer-friendly versionSend by email

နေပြည်တော် မတ် ၆

 

MNDAA လက်နက်ကိုင်အဖွဲ့များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လောက်ကိုင်မြို့ကို ယနေ့နံနက် ၂နာရီခန့် တွင် အရှေ့ဘက်မှ ဝင်ရောက်၍ ပြည်သူများနေထိုင်သည့် အဆောက်အအုံများ၊ တပ်စခန်းများနှင့် ရဲစခန်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူများစွာ ထိခိုက်သေဆုံးဒဏ်ရာ ရရှိခဲ့ကြပြီး လူနေ အဆောက်အအုံများ၊ ဟိုတယ်များနှင့်ကားများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

MNDAA လက်နက်ကိုင်အဖွဲ့အင်အား ၃၀ ခန့်သည် ရဲဝတ်စုံများ ဝတ်ဆင်အယောင်ဆောင်ကာ လောက်ကိုင်မြို့ ရန်လုံကျိုင်းရဲစခန်းအား နံနက် ၂ နာရီတွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းလုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်လျက်ရှိကြောင်း၊ ၎င်းနေရာ သို့ တပ်မတော်နှင့် နယ်ခြားစောင့်တပ်မှ စစ်ကူစစ်ကြောင်းများ သွားရောက်ပူးပေါင်းလျက်ရှိကြောင်းသိရသည်။

 

ထို့အတူ MNDAAလက်နက်ကိုင်အင်အား ၅၀ ခန့်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာနံနက် ၅ နာရီခန့်တွင် တိုက်ပွဲပြီးဆုံး ခဲ့ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း၊ နံနက် ၂ နာရီခွဲခန့်ကလည် လောက်ကိုင်မြို့ရှိ ကျင်းတင်ဟိုတယ် အား ဝင်ရောက် ပစ်ခတ်ပြီး ယင်းဟိုတယ်ရှိ မော်တော်ယာဉ် လေးစီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဖူလီလိုက် ဟိုတယ် ငွေသိမ်းကောင်တာအား လုယက်ပြီး နံနက် ၅ နာရီ ၁ဝမိနစ်ခန့်တွင် နှစ်နိုင်ငံနယ်စပ်ဘီပီ-၁၂၇ ဘက်သို့ ဆုတ်ခွာ သွားရာ တပ်မတော်စစ်ကြောင်းများကလိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရသည်။

 

MNDAA လက်နက်ကိုင်အဖွဲ့သည် လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်ချိန်နှင့် တစ်ပြိုင်တည်း နှစ်နိုင်ငံ နယ်စပ် ဘီပီ-၁၂၅ နှင့် ဘီပီ-၁၂၇ အကြားရှိ တပ်မတော်စခန်းများအား အရှေ့ဘက်မှ ဝင်ရောက် တိုက်ခိုက်မှု ကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။

 

အဆိုပါ MNDAAလက်နက်ကိုင် အဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမက (လောင်အဲချီ)မှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါ အဝင် ပြည်သူများစွာ ထိခိုက်ပြီး သေဆုံးဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် ကိုးကန့်ယာဉ်ထိန်းရဲ ငါးဦး၊ ပြည်သူ ငါးဦး သေဆုံးခဲ့ကြောင်းနှင့် ကိုးကန့်ယာဉ်ထိန်းရဲ လေးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ကနဦးသတင်းများအရ သိရ သည်။

 

ယင်း MNDAA လက်နက်ကိုင် အဖွဲ့များနှင့်အတူ အခြား လက်နက်ကိုင် အဖွဲ့များလည်း ပူးပေါင်းပါဝင် ကြောင်း၊ MNDAA လက်နက်ကိုင်အဖွဲ့ထံမှ မီးရှို့ထား သည့် အလောင်း ၂၀ နှင့် လက်နက် ၁၀ လက်ခန့်ကို လုံခြုံရေး တပ်များက သိမ်းဆည်းရရှိထားကြောင်းနှင့် တပ်မတော်မှ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေ ရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။