ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ နဝမအကြိမ် ဒုတိယနေ့အစည်းအဝေး ဆက်လက်ကျင်းပ

Printer-friendly versionSend by email

ရန်ကုန် ဖေဖော်ဝါရီ ၇

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ နဝမအကြိမ် ဒုတိယနေ့ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ ဆက်လက် ကျင်းပသည်။

ယနေ့ ဆွေးနွေးမှုနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဒီနေ့မှာ တက်ရောက်လာကြတဲ့ (JMC-U) ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ အဓိကဆွေးနွေးဖြစ်တာကတော့ SOP နဲ့ ပတ်သက်တဲ့ ဒေသဆိုင်ရာ ပူးတွဲစောင့်ကြည့်သူတွေရဲ့ TOR လုပ်ထုံးလုပ်နည်းတွေ၊ ဒါတွေနဲ့ ဆက်စပ်တဲ့ မူကြမ်းကိစ္စတွေကို ဆွေးနွေးဖြစ်တယ်။ ပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ရုံးတွေရဲ့ အုပ်ချုပ်မှုဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းတွေ၊ ဝန်ထမ်းကိစ္စတွေကို ဆွေးနွေးဖြစ်တယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCB)ရဲ့ လမ်းညွှန်ချက်အတိုင်းရေးဆွဲထားတဲ့ JMC-U ဘတ်ဂျက် ကိစ္စကို ဆက်ပြီးဆွေးနွေး ဖြစ်တယ်ဟု ပြောသည်။

ထို့အပြင် တတိယနေ့အစည်းအဝေး ပြုလုပ်သွားမည့်အပေါ် အစည်းအဝေး နောက်ဆုံးနေ့မှာတော့ စောင့်ကြည့်လေ့လာသူတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကိစ္စတွေမှာ ဘယ်လိုစီမံသွားမယ်ဆိုတာတွေကို ဆွေးနွေးသွားဖို့ရှိပါတယ်။ အရပ်သားစောင့်ကြည့်လေ့လာသူတွေရဲ့ လုံခြုံရေးကိစ္စတွေပါမယ်၊ လုံခြုံရေးအဆင့်အတန်း သတ်မှတ်ချက်တွေပါမယ်။ အဓိကကတော့ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လုံခြုံရေး ကိစ္စတွေဖြစ်ပါတယ်။ စိစစ်အတည်ပြုရေးအဖွဲ့နဲ့ ဒေသဆိုင်ရာ ပြည်သူလူထုကြားမှာ စောင့်ကြည့် လေ့လာသူတွေရဲ့ လုံခြုံရေးကိစ္စတွေကို အဓိကဆွေးနွေးညှိနှိုင်း သွားဖို့ရှိပါတယ်ဟု ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်း ရေးမှူး (၁) ဒေါက်တာရွှေခါးရ်က ပြောသည်။

JMC-U ၏ နဝမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်မှစတင်ကာ သုံးရက်ကြာ ပြုလုပ်လျက်ရှိပြီး အစည်းအဝေး ပထမနေ့တွင် နှစ်ဖက်တပ်များနှင့် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (SOP) နှင့် JMC အတွက် လိုအပ်သည့် ဘတ်ဂျက်ကိစ္စများကို ဆွေးနွေးခဲ့ သည့်အပြင် အစည်းအဝေး တတိယနေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည့် JMC-U လုပ်ထုံးလုပ်နည်း (SOP)များဖြစ်သော အရပ်ဘက် လူ့အဖွဲ့အစည်း (CSO) များ၏ လုပ်ငန်းလမ်းညွှန် ရေးဆွဲနိုင်ရန် လိုအပ်သော အချက်များအား မူဝါဒတောင်း ခံခြင်း၊ နော်ဝေနိုင်ငံ၏ စီစဉ်မှုဖြင့် JMC-U အဖွဲ့ဝင်များ ဖိလစ်ပိုင်နိုင်ငံသို့ လေ့လာရေးခရီး သွားရောက်နိုင်ရေးကိစ္စအပြင် နော်ဝေ ပြည်သူများ ထောက်ပံ့ရေးအဖွဲ့ (Norwegin People´s Aid- NPA) ၏ စီစဉ်မှုဖြင့် မိုင်းရှင်းလင်းရေးသင်တန်းနှင့် လေ့လာရေးခရီးစဉ် ကိစ္စများ၊ နယ်မြေပိုင်းခြားသတ်မှတ်မှု (Demarcation)  ကိစ္စနှင့် မြေမြှုပ် မိုင်းများ ရှင်းလင်းရေး (Demining) ကိစ္စများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ အစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ JMC-U ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ JMC-U အတွင်းရေးမှူးများ၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များ၊ နည်းပညာ အထောက်အကူပြုအဖွဲ့များ တက်ရောက်ကြပြီး အစည်းအဝေး တတိယနေ့ (ဖေဖော်ဝါရီ ၈ ရက်)တွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အစည်းအဝေးနှင့် ပတ်သက်၍ JMC-U အတွင်းရေးမှူးများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။