JMC-U နဝမအကြိမ် အစည်းအဝေးတွင် နယ်မြေသတ်မှတ်မှုနှင့်ပတ်သက်၍ JMC-S အဆင့်မှ စတင်ကာ ညှိနှိုင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည့် အပြင်JMC-S အဆင့် ရုံးများတွင် ကျင့်သုံးမည့်လုပ်ထုံးလုပ်နည်းများကို အတည်ပြုနိုင်ခဲ့

Printer-friendly versionSend by email

ရန်ကုန် ဖေဖော်ဝါရီ ၉

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ၏ နဝမအကြိမ် အစည်းအဝေးတွင် နယ်မြေသတ်မှတ်မှုနှင့် ပတ်သက်၍ JMC-S အဆင့်မှစတင်ကာ ညှိနှိုင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည့် အပြင် JMC-S အဆင့် ရုံးများတွင် ကျင့်သုံးမည့် လုပ်ထုံးလုပ်နည်းများကို အတည်ပြုနိုင်ခဲ့ကြောင်း ယနေ့ အစည်းအဝေးအပြီးတွင် JMC-U အတွင်းရေးမှူးများက မီဒီယာများအား ရှင်းလင်းပြောကြားသည်။

''ဆွေးနွေးပွဲမှာ JMC ရဲ့ အဓိကဖြစ်တဲ့ လုပ်ထုံးလုပ်နည်း (SOP) တွေ နဲ့ လုပ်ငန်းလမ်းစဉ် ကိစ္စတွေကို ဆွေးနွေးဖြစ်တယ်။ TSC ရုံးကိစ္စနဲ့ ပတ်သက်ပြီး ဘတ်ဂျက်တွေအကြောင်း ဆွေးနွေးတယ်။ ဒါ့အပြင် အစည်းအဝေးတစ်ခုနဲ့ တစ်ခုအကြား အခြေအနေတွေကိုလည်း သုံးသပ်ဆွေးနွေး ဖြစ်တယ်။ နယ်မြေ သတ်မှတ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း JMC-S တွေမှာ စတင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆွေးနွေးတဲ့ အထဲမှာ အတည်ပြုခဲ့တဲ့ လုပ်ထုံးလုပ်နည်း (SOP) ကတော့ JMC-S အဆင့်မှာ ရုံးတွေကနေ ကျင့်သုံးမယ့် လုပ်ထုံးလုပ်နည်းတွေကို အတည်ပြုဖြစ်ပါတယ်'' ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ် က ပြောသည်။

ထို့အပြင် JMC ၏ လုပ်ငန်းများ ဖြစ်သော လုပ်ထုံးလုပ်နည်း (SOP) ပေါင်း ၄၅ ခုခန့်ရှိရာ ယခင်အစည်း အဝေးများတွင် ၁ဝ ခု ကို အတည်ပြု ပြီး ယခုအစည်းအဝေးတွင် နှစ်ခုကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ ကျင်းပရာ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ၊ JMC-U ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ JMC-U အတွင်းရေးမှူးများ၊ တိုင်းရင်းသားလက်နက် ကိုင်အစုအဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အရပ် သားကိုယ်စားလှယ်များ၊ နည်းပညာ အထောက်အကူပြုအဖွဲ့များ တက်ရောက်၍ JMC ၏ လုပ်ထုံး လုပ်နည်း (SOP) နှင့် ပတ်သက်သော ဒေသဆိုင်ရာ ပူးတွဲစောင့်ကြည့်သူများ၏ လုပ်ငန်းလမ်းညွှန် (TOR)များနှင့် ဆက်စပ်သည့် မူကြမ်းကိစ္စများ၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ရုံးများ၏ အုပ်ချုပ်မှုဆိုင်ရာ ရုံးလုပ်ထုံး လုပ်နည်းများနှင့် ဝန်ထမ်းကိစ္စရပ် များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (JCB) ၏ လမ်းညွှန်ချက်အတိုင်း ရေးဆွဲထားသော JMC-U ၏ဘတ်ဂျက် ကိစ္စများ၊ နော်ဝေနိုင်ငံ၏ စီစဉ်မှုဖြင့် JMC အဖွဲ့ဝင်များ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်လေ့လာမည့်ကိစ္စရပ်များ၊ နော်ဝေပြည်သူ များ ထောက်ပံ့ရေး အဖွဲ့ (NPA)၏ အစီအစဉ်ဖြင့် မိုင်းရှင်းလင်းရေး သင်တန်းပြုလုပ် မည့် ကိစ္စရပ်များ၊ နှစ်ဖက်တပ်များအကြား နယ်မြေသတ်မှတ်မှုနှင့် မိုင်းရှင်းလင်းမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

''မိုင်းရှင်းလင်းရေးကိစ္စနဲ့ပတ်သက် ပြီးတော့လည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို အဓိကထားပြီး ဦးစားပေးဆောင်ရွက် သွားဖို့ ဆွေးနွေးခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထပ်မံဆွေးနွေးသွားဖို့ ရှိပါတယ်။ နော်ဝေနိုင်ငံက ပြည်ပလေ့လာရေး ခရီးစဉ်အဖြစ် ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကို သွားရောက်လေ့လာဖို့ ဖိတ်ကြားထားတာရှိပါတယ်။ ဖိတ်ကြား တဲ့အခါမှာ တပ်မတော်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေလေ့လာဖို့နဲ့ သင်တန်း တက်ရောက်ဖို့ ကမ်းလှမ်းဖိတ်ခေါ် ထားတာရှိပါတယ်။ လောလော ဆယ်တော့ တပ်မတော်ဘက်က ၂ဝ သင်တန်းတက်ရောက်ဖို့ သဘောတူခဲ့ပါတယ်။ တက်ရောက်တဲ့အခါမှာလည်း မိုင်းကျွမ်းကျင်တဲ့သူတွေကိုပဲ တက်ရောက်စေဖို့ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့ဘက်က ညှိနှိုင်းပြီးတော့ တက်ရောက်မယ့် အစီအမံတွေကို JMC-U ကို ပြန်လည်တင်ပြပြီးတော့ တက်ရောက်သွားဖို့ရှိပါ တယ်''ဟု JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောသည်။

မိုင်းရှင်းလင်းရေးဆောင်ရွက်ရာတွင် ကရင်ပြည်နယ်ကို စတင်ဆောင် ရွက်သွားရန်စီစဉ်ထားပြီး ယင်းသို့ ဆောင်ရွက်ရာတွင် ပူးတွဲစောင့်ကြည့် ရေး အနေဖြင့် နှစ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်း၍ ဒေသဖွံ့ဖြိုးရေး အတွက် ပြည်သူများ သွားလာမှုအများဆုံး ပြုလုပ်နေသော နေရာများကို အဓိကထားကာ ကနဦးအဆင့် ရှင်းလင်းသွားရန် စီစဉ်ထားသည့် အပြင် နောက်တစ်ဆင့်အနေဖြင့် တပ်ပိုင်းဆိုင်ရာ လုံခြုံရေးနှင့် ပတ်သက်သော နေရာများကို ဆက်လက်ရှင်းလင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထို့အပြင် ဒေသန္တရ စောင့်ကြည့် ရေးလုပ်ငန်းများ ဆောင်ရွက်မည့် နှစ်ဖက်လက်ခံသည့် ဒေသခံအရပ်သားစောင့်ကြည့်သူများနှင့် ပတ်သက်၍ ''နှစ်ဖက်က လက်ခံတဲ့ ဒေသခံအရပ်သား စောင့်ကြည့်သူဆိုတာကို ထားရှိပြီးတော့ ဆောင်ရွက်သွားဖို့ကိုလည်း ဆွေးနွေးခဲ့တာရှိပါတယ်။ အတည်တော့ မပြုရသေးပါဘူး။ ဒီလုပ်ငန်းဆိုတာကလည်း JMC-L အဆင့်လောက်ကနေပြီးတော့ ကျေးရွာတွေလို နေရာတွေမှာ အရပ်ဘက် စောင့်ကြည့်သူတွေကို ထားရှိသွားမှာဖြစ်ပါတယ်။ အရပ်ဘက် စောင့်ကြည့်သူတွေကတော့ ဘက်လိုက် ခြင်းမရှိတဲ့သူတွေ၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေကို ထားရှိပြီးတော့ ပစ်ခတ် တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ စောင့်ကြည့် ရေး လုပ်ငန်းတွေ ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ JMC လုပ်ငန်းနဲ့ ပတ်သက်ပြီး ကုန်ကျ စရိတ်တချို့ကို JMC ဘတ်ဂျက်ကနေ ပေးသွားဖို့ ညှိနှိုင်းထားရှိပြီးဖြစ်ပါ တယ်။ ဆက်လက်ပြီးတော့ ဘတ်ဂျက် အပေါ်မူတည်ပြီး အကောင်အထည် ဖော်သွားဖို့ရှိပါတယ်''ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဆိုသည်။

JMC လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ဘတ်ဂျက်ကိစ္စနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှု အပေါ် JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ် က ''ဘတ်ဂျက် အနေနဲ့ကတော့ အရင်ထဲက အတည် ပြုပြီးသားရှိပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ နိုင်ငံတော် အစိုးရကနေ စံနှုန်းတွေ သတ်မှတ် တာရှိပါတယ်။ အဲဒါက မပြီးပြတ် သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ စံနှုန်းတစ်ခု ယူထားပြီး လုပ်ထားပါတယ်။ တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ မီလီယံလောက်လုပ် ထားပါတယ်။ ဒါဟာ ပြည်ထောင်စုအဆင့်အတွက်တင် မဟုတ်ဘဲနဲ့ ဒေသ အဆင့်၊ ပြည်နယ်အဆင့်တွေ အပါအဝင် အကုန်လုံးအတွက် ဖြစ်ပါတယ်။ ဒီဟာကလည်း JCB ကနေ နှုန်းထား တွေသတ်မှတ်မယ်ဆိုရင် အဲဒီ သတ်မှတ်ထားတဲ့ဟာနဲ့ အညီ ပြန်လည်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ ရှိပါတယ်'' ဟု ပြောသည်။