ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ နဝမအကြိမ် အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ

Printer-friendly versionSend by email

ရန်ကုန် ဖေဖော်ဝါရီ ၈

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ နဝမအကြိမ် အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးတွင် ဆက်လက်ကျင်းပသည်။

''ဒီနေ့ကတော့ လုပ်ထုံးလုပ်နည်း (SOP) တွေကို ဆွေးနွေးဖြစ်ပါတယ်။ JMC ရဲ့ လုပ်ငန်းလမ်းညွှန် (TOR) မှာ အရပ်သားစောင့်ကြည့်ရေးကိစ္စရပ်တွေအပြင် လုံခြုံရေးဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးတယ်။ ပြီးတော့ ကျွန်တော်တို့ရေးဆွဲခဲ့တဲ့ လုပ်ငန်းလမ်းညွှန်နဲ့ ပတ်သက်ပြီး ရှေ့မှာ CSO တွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိ မလဲဆိုတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျန်တာတွေကိုတော့ မနက်ဖြန်မှာ ထပ်ပြီးဆွေးနွေးသွားမှာ ဖြစ်ပါတယ်''ဟု JMC အလုပ်အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ယနေ့ ဆွေးနွေးမှုနှင့် ပတ်သက်၍ မီဒီယာများအား ပြောသည်။

ဆက်လက်၍ ''JMC ရဲ့ သဘောသဘာဝက ပဋိပက္ခ ဖြစ်တဲ့သူတွေကိုယ်တိုင်ပါပြီးတော့ လုပ်တဲ့ဟာဆိုတော့ အလုပ်လုပ်တဲ့အခါမှာ ဘက်လိုက်မှု နည်းနိုင်သမျှ နည်းအောင်ဆိုလို့ရှိရင် အလုပ်မလုပ်ခင် အချိန်ကတည်းက အလုပ်လုပ်ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို အရင်ရေးဆွဲရပါတယ်။ ဥပမာ တိုက်ပွဲဖြစ်ရင် ဘယ်လိုလုပ်မလဲ။ စိစစ်အတည်ပြုရေးလုပ်ရင် ဘယ်လိုလုပ်မလဲ ဒါတွေကို အရင်ရေးဆွဲရပါတယ်။ အဓိကကတော့ တိုက်ပွဲဖြစ်ရင် ဘက်လိုက်မှုတွေ နည်းနိုင်သမျှနည်းအောင် လုပ်ထုံးလုပ်နည်းတွေကို အခြေခံပြီးတော့ လုပ်တဲ့ နည်းစနစ်ကို သုံးတာဖြစ်တဲ့အတွက်ကြောင့် လုပ်ထုံးလုပ်နည်းပေါင်း ၄၅ ခုလောက်ရေးရပါမယ်။ အခုတော့ ၁ဝ ခုကို အတည်ပြုပြီးဖြစ်ပါတယ်။ ကျန်တာတွေကို အတည်ပြုနိုင်အောင် ဆက်လက်ပြီးတော့ ကြိုးစားဆဲပဲ ဖြစ်ပါ တယ်''ဟု ပြောသည်။

(JMC-U) ၏ နဝမအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်မှစတင်ကာ ကျင်းပလျက်ရှိပြီး အစည်းအဝေး ပထမနေ့တွင် နှစ်ဖက်တပ်များနှင့် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (SOP) နှင့် JMC အတွက် လိုအပ်သည့် ဘတ်ဂျက်အကြောင်းများကို လည်းကောင်း၊ ဒုတိယနေ့တွင် လုပ်ထုံးလုပ်နည်း (SOP)နှင့်ပတ်သက်သော ဒေသ ဆိုင်ရာ ပူးတွဲစောင့်ကြည့်သူများ၏ လုပ်ငန်းလမ်းညွှန် (TOR)များနှင့် ဆက်စပ်သည့် မူကြမ်းကိစ္စများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ရုံးများ၏ အုပ်ချုပ်မှုဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းများနှင့် ဝန်ထမ်းကိစ္စရပ်များအပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (JCB)၏ လမ်းညွှန်ချက်အတိုင်း ရေးဆွဲထားသော JMC-U ဘတ်ဂျက် ကိစ္စများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(JMC-U) ၏ နဝမအကြိမ် အစည်းအဝေးကို မူလက ဖေဖော်ဝါရီ ၆ ရက်မှစတင်ကာ သုံးရက်ကြာ ကျင်းပရန် လျာထားခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ဆိုင်ရာ လုပ်ငန်းလမ်းညွှန် (TOR) မှာများသည့်အတွက်ကြောင့် အစည်းအဝေးကျင်းပမှုကို တစ်ရက်တိုးကာ ဖေဖော်ဝါရီ ၉ ရက်အထိ ဆက်လက်ကျင်းပဆွေးနွေးသွားမည်ဖြစ်သည်။

ယင်းနေ့တွင် နော်ဝေနိုင်ငံ၏ စီစဉ်မှုဖြင့် JMC အဖွဲ့ဝင်များ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်လေ့လာမည့် ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ နော်ဝေပြည်သူများ ထောက်ပံ့ရေးအဖွဲ့ (NPA)၏ အစီအစဉ်ဖြင့် မိုင်းရှင်းလင်း ရေးသင်တန်းပြုလုပ်မည့် ကိစ္စဆွေးနွေးခြင်း၊ နှစ်ဖက်တပ်များအကြား နယ်မြေသတ်မှတ်မှုနှင့် မိုင်းရှင်းလင်းမည့် ကိစ္စရပ်များအား ဆွေးနွေးခြင်းတို့အပြင် ကျန်ရှိနေသည့် အချက်များကို ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ JMC-U ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ JMC-U အတွင်းရေးမှူးများ၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အရပ်သား ကိုယ်စားလှယ်များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များ တက်ရောက်ဆွေးနွေးကြပြီး အစည်းအဝေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲပိုင်းတွင် JMC-U အတွင်းရေးမှူးများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။