မျက်မှောက်ပကတိ နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီတို့ ဆွေးနွေး

Printer-friendly versionSend by email

ရန်ကုန် ဖေဖော်ဝါရီ ၁၆

မျက်မှောက်ပကတိ နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီတို့သည် ယနေ့နံနက်ပိုင်းက KIO ဌာန ချုပ် ကချင်ပြည်နယ် လိုင်ဇာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင်(NCA) စာချုပ်တွင်ပါရှိသည့် ကတိကဝတ်များနှင့်အညီ ငြိမ်းချမ်းစွာအဖြေရှာရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံး ပါဝင်လာနိုင်ရေး နည်းလမ်းရှာဖွေကြရန်အတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ ပုဂ္ဂိုလ်ရေးအတွင်းရေးမှူး ပဒိုစောတာ မူလာက ''ဒီနေ့အဓိက ဆွေးနွေးဖြစ်တာက ငြိမ်းချမ်းရေးကိစ္စတွေမှာ ဆက်လက်ပြီး အတူတကွပူးပေါင်းလုပ်ဆောင် ဖို့အတွက်နဲ့ ကျွန်တော်တို့ နှစ်ဖွဲ့ကြားမှာ ဘုံသဘောတူ ညီချက်ကို ဘယ်လိုတည်ဆောက်နိုင်မလဲဆိုတဲ့ အချက်တွေပါ။ ကျွန်တော်တို့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ထိုး၊မထိုး ဆိုတဲ့ အပေါ်မှာ သဘောထားကွဲခဲ့တာတွေ ရှိခဲ့လို့ပါ။

ကျွန်တော်တို့ အခုဆွေးနွေးတာက ကျွန်တော်တို့ နှစ်ဖွဲ့အကြားမှာ ကွဲပြားခဲ့တာတွေဖြစ်ခဲ့တာတွေကို အဓိကထား ဆွေးနွေးပါတယ်။ KIO လို အဖွဲ့ကြီး တစ်ဖွဲ့ကို ကျွန်တော်တို့က နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မကျန်ရစ် ခဲ့စေချင်ဘူး။ ဒါကြောင့် အဆက်အသွယ်မဖြတ်တောက်ဘဲ ကျွန်တော်တို့ KNU နဲ့ KIA ကြားရော ကရင်ပြည်သူနဲ့ ကချင်ပြည်သူတွေကြားမှာပါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်မှန်တွေကို ဖြန့်ဝေပေးရင် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်မယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်''ဟု ဆွေးနွေးပွဲအပြီး ဆက်သွယ်မေးမြန်းရာတွင် ပြောသည်။

ဆွေးနွေးပွဲအပြီးတွင်အချက် ခုနစ်ချက် ပါဝင်သည့် ပူးတွဲထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပဒိုစောတာမူလာက ''ကျွန်တော်တို့ကတော့ အစိုးရနဲ့ရော၊ တပ်မတော်နဲ့ရော NCA မထိုးသေးတဲ့ အဖွဲ့တွေနဲ့ပါ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ဘုံသဘောတူညီချက် ဘာရှိလဲဆိုတာကို ရှာဖွေပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဖလှယ်သွားမယ်။ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ထား ပါတယ်။ အဓိက ကျွန်တော်တို့မြင်တာက ကိုယ့်ပြည်နယ်အခြေအနေနဲ့ ကိုယ့်ပြည်သူတွေ အခြေအနေပေါ်မှာ NCA ထိုးခြင်း၊ မထိုးခြင်းကို သက်ဆိုင်ရာအဖွဲ့တွေက ဆုံးဖြတ်ခဲ့ပေမယ့်လည်း သဘောထားမကွဲကြဘဲ ငြိမ်းချမ်းရေးကို သွားခြင်းဟာ ပြည်သူအတွက် အကျိုးမယုတ်ဘူး၊ တိုင်းပြည်အတွက် အကျိုးမယုတ်ဘူးဆိုတာမျိုးနဲ့ အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုသည်သာလျှင် ကျွန်တော်တို့အတွက် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ယူဆောင်လာမှာ ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့က အမြဲအလေးအနက် ပြောနေမှာပါ''ဟု ဆိုသည်။

ထုတ်ပြန်ချက်တွင် NCA စာချုပ်တွင်ပါရှိသည့် ကတိကဝတ်များနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာရန်၊ လက်နက်ကိုင်ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲပြီး ကတိကဝတ်များနှင့်အညီ အဖြေရှာရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် အကြမ်းဖက်အဖွဲ့အစည်း (Terrorist) မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် လုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင်ရွက်သွားရေးတိုက်တွန်းသွားရန် ၊ KNU နှင့် KIOအဖွဲ့အစည်းနှစ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးအဖြေရရှိရန်အတွက် သဘောတူညီပြီး အတူတကွ ကြိုးပမ်း လုပ်ဆောင်သွားကြရန်စသည့် အချက်များပါဝင်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့များနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးဖြစ်စဉ်၏ ဘုံသဘောတူညီချက်ကို ရှာဖွေ၍ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဖလှယ်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လမ်းစဉ်သို့သွားခြင်းသည် ပြည်သူနှင့် တိုင်းပြည် အတွက် အကျိုးယုတ်ခြင်းမရှိ၍ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုဖြင့်သာ တည်တံ့သော ငြိမ်းချမ်းရေးကို ယူဆောင်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို KNU က အလေးအနက်ထား ဆောင်ရွက်မည် ဖြစ်ကြောင်း ပဒိုစောတာမူလာက ပြောကြားသည်။

ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကိုယ်စားလှယ်များ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီဝင်များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၏ အကြံပေးပုဂ္ဂိုလ်နှစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။