နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးတက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးမှာကြားသည်။

 

အစည်းအဝေးမစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အတွက် UN Platform ဖြင့် ဆောင်ရွက်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြခြင်း အစီအစဉ်သို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ Country Director Mr. Peter Bachelor က ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အား UN Platform ဖြင့်ပံ့ပိုးကူညီ သွားမည့်အစီအစဉ်များကိုရှင်းလင်းတင်ပြသည်။

 

ကုလသမဂ္ဂပံ့ပိုးကူညီမှုများနှင့် ပတ်သက်၍ တက်ရောက်လာကြသူများက အပြန်အလှန် သိရှိလိုသည်များကို အကျယ်တဝင့် ဆွေးနွေးကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပေါင်းစပ် ညှိနှိုင်းပေးသည်။

 

ယင်းနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကို ဆက်လက် ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်JCB အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေခွဲဝေသုံးစွဲရန်အတွက် ပစ်ခေတ်တိုက်ခိုက်မှု ရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်သည့်လုပ်ငန်းစဉ်များကဏ္ဍ တို့ကိုဦးစားပေးကဏ္ဍကြီး ၄ ရပ်အဖြစ် သဘောတူသတ်မှတ်နိုင်ခဲ့ပါကြောင်း။

 

ဆက်လက်၍ လုပ်ငန်းအဖွဲ့ အစည်းအဝေးများခေါ်ယူကျင်းပခဲ့ပြီး JCB မှ သတ်မှတ်သည့် အခြေခံနှုန်းထား (JCB Rate)များကိုမူအဖြစ် သတ်မှတ်ပေးနိုင် ခဲ့ပါကြောင်း၊ တစ်ဖွဲ့လျှင်နှုန်းထား တစ်မျိုးစီ အမျိုးမျိုးမဖြစ်စေရန် အခြေခံအဖြစ် သတ်မှတ်ထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်း JCB Rate နှုန်းထားများ အတိုင်းအစုအဖွဲ့များကသုံးစွဲကြရန် ဖြစ်ပါကြောင်း။

 

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs ဘက်မှ ရန်ကုန်မြို့တွင် ငှားရမ်း စရိတ် မြင့်မားနေသဖြင့် အစိုးရဘက်မှ နေရာထိုင်ခင်းစီစဉ်ပေးရန် တင်ပြခဲ့ပါ ကြောင်း၊ ယင်းတင်ပြမှုအပေါ် JMC ရုံးဟောင်းနေရာ၊ NRPC ရန်ကုန်ရုံးနှင့် တစ်ဆက်တည်း တည်ရှိသည့် အဆောက်အဦးအမှတ်(၆) ကို EAOs Office အဖြစ် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးအဖွဲ့များ တိုးလာပါကလည်းအဆိုပါ ရုံးတွင် နေရာချထားပေးမည် ဖြစ်ပါကြောင်း။

 

နေပြည်တော် NRPC ရုံးနှင့် ကပ်လျက်ရှိသောအဆောက်အဦ နှစ်ခုကို JMC ရုံးနှင့် UPDJC ရုံးအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန်လည်း မူဝါဒချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ နောင်လာမည့်JCB အစည်းအဝေးတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဘတ်ဂျက် တွက်ချက် တင်ပြရန် ဖြစ်ပါကြောင်း။

 

ထို့အတူတိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ယနေ့ အစည်းအဝေးတွင် EAOs ဘက်မှ ဦးစားပေးကဏ္ဍကြီး ၄ ရပ် နှင့်အညီအဆိုပြု တင်ပြကြရန် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနကိုဖွဲ့စည်းထားပြီး ဥပဒေပါ အတိုင်းအခွင့်အရေးများ မြှင့်တင်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

 

JCB စတင် ဖွဲ့စည်းစဉ်ကပင် လက်မှတ်ထိုးထားသော အဖွဲ့များသာမက လက်မှတ်ရေးထိုးခြင်း မရှိသေးသောအဖွဲ့များကိုပါ ထည့်သွင်းဖွဲ့စည်းဆောင်ရွက်ထားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးမှာ အခြေခံအုတ်မြစ်ခိုင်မာရန် အရေးကြီးကြောင်း၊ အုတ်မြစ်ခိုင်မာမှ ရေရှည် ရှင်သန်နိုင်မည် ဖြစ်ကြောင်း၊ JCB အပါအဝင် ဆောင်ရွက်နေသည့်ကိစ္စရပ်များမှာ ငြိမ်းချမ်းရေးဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ တစ်ဘက်တွင် ပဋိပက္ခများလျှော့ချနိုင်ရန် ဆွေးနွေးညှိနှိုင်းသွားရမည် ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်းဒေသခံများ၏ အကျိုးစီးပွားကို အတတ်နိုင်ဆုံး စောင့်ရှောက်မြှင့် တင်သွားနိုင်ရန် နှစ်လမ်းသွားနည်းလမ်းဖြင့် ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင် နိုင်အောင်မငေးတို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ဆက်လက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) တို့ကရန်ပုံငွေ လိုအပ်မှု အဆိုပြု ချက်များကိုလည်းကောင်း၊ NCA လက်မှတ်ရေးထိုးပြီးအဖွဲ့များ၏ ရန်ပုံငွေ အဆိုပြုချက် CT Proposal အားလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းအဆိုပြုချက်များကို လည်းကောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၏ ကုန်ကျ စရိတ်များကို NRPC မှ ကျခံရေး ကိစ္စများကိုလည်းကောင်း တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြချက်များအပေါ် အကြံပြု ဝိုင်းဝန်းဆွေးနွေးကြသည်။

 

ဆွေးနွေးညှိနှိုင်းမှု ရလဒ်များအပေါ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြန်လည်သုံးသပ် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ် ပြောကြားရာ တွင် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ် Peace Process တွင် အားလုံးပူးပေါင်း ပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များတွင် NCA လက်မှတ် ရေးထိုးပြီးသူများနှင့် လက်မှတ်မထိုးရသေးသူများကွဲပြားလျက် ရှိကြောင်း၊ တတ်နိုင်သမျှ ခွဲခြားဆက်ဆံခြင်းမပြုကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ အပြည့်အဝ ပါဝင်နိုင်သည်မှာ (၂၁) ရာစုပင်လုံ ညီလာခံသာဖြစ်ကြောင်း၊ နိုင်ငံရေးကိစ္စရပ်များကို စေ့စပ်ညှိနှိုင်းခြင်းများကို လက်တွေ့ဆောင်ရွက်မည့်ညီလာခံတွင် ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံး ပါဝင်စေလိုကြောင်း၊ ယနေ့အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ငြင်းကြခုန်ကြ ဆွေးနွေးခဲ့ကြ၍ တက်ရောက်ကြသူ အားလုံးကိုကျေးဇူးအထူး တင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးတွင် အားလုံးရင်းရင်းနှီးနှီး ငြင်းခုန်ခြင်းဖြင့် ညှိနှိုင်းအဖြေရှာ သွားကြရန် တိုက်တွန်းပြောကြား လိုကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးထွန်းထွန်းဦး၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ရှီလာနန်ထောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောတင်ဝင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ပဒိုစောကွယ်ထူးဝင်း (KNU အထွေထွေ အတွင်းရေးမှူး)၊ ဦးခွန်ဥက္ကာ(PNLO ဦးဆောင်နာယက)၊ NCA လက်မှတ်ရေးထိုးခြင်း မရှိသေး သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင် နိုင်အောင်မငေး၊ ခူးပလူးရယ်နှင့် ဦးထွန်းဇော်၊ အကြံပေး ဒေါ်ခေါင်နန်း၊ ဦးစံလော့ ("ဝ" အထူးဒေသ(၂) ပြည်ပဆက်ဆံရေးဌာနမှူး၊ ဦးခမ်းမောင် (အထူးဒေသ(၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းရုံးရေးကော်မတီ) တို့ တက်ရောက်ကြသည်။

 

ယနေ့ကျင်းပသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး တွင် အောက်ပါအချက်များကို သဘောတူဆုံးဖြတ်နိုင်ခဲ့သည်-

(၁) အထူးကိစ္စရပ်အနေဖြင့် JCB ဖွဲ့စည်းမှုတွင် အစိုးရဘက်မှ (၁၀) ဦး (ဥက္ကဌ နှင့် အဖွဲ့ဝင် ၉ ဦး)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ (၁၀)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းပြီး JCB လုပ်ငန်း လမ်းညွှန်တွင်လည်းယင်းဖွဲ့စည်းမှုအတိုင်း ပြင်ဆင်ရန်၊

(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ အဆိုပြုတင်ပြချက် အမေရိကန်ဒေါ်လာ (၂.၅)သန်းကိုခွင့်ပြုရန်၊

(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အား UN Platform ဖြင့်ပံ့ပိုးကူညီခွင့်ပြုရန်၊ JMC အတွက် လိုအပ်ချက် အမေရိကန်ဒေါ်လာ (၆.၅)သန်းနှင့် JMC အတွက် ထောက်ပံ့ကူညီမှုများရှာဖွေရာတွင် Single Channel မထားဘဲဆောင်ရွက်ရန်၊

(၄) NCA လက်မှတ်ရေးထိုးပြီးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ CT Office အတွက် လိုအပ်ချက် အမေရိကန်ဒေါ်လာ (၄.၇)သန်း ခွင့်ပြုရန်၊

(၅) ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ အတွက် ထောက်ပံ့ကူညီမှုများ ဆောင်ရွက် နိုင်ရန်အတွက် JCB မှ တာဝန်ယူဆောင်ရွက်ရန်၊ ဆောင်ရွက်မည့်အစီအစဉ်ကို နှစ်ဖက် ကိုယ်စားလှယ် များအကြား ကြိုတင်ဆွေးနွေးပြီး JCB အစည်းအဝေးသို့ ပြန်လည်တင်ပြရန်၊

(၆) အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းအတွက် NRPC မှ ခွင့်ပြု ရန်ပုံငွေကို အမြင့်ဆုံးနှုန်းထားကျပ် သိန်း(၆၀၀) သတ်မှတ်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရာ၌ တစ်နေရာနှင့် တစ်နေရာ အသုံးစရိတ် ရန်ပုံငွေပေါ်မူတည်၍ အဆင့်အတန်း ကွာဟမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်။