လုံခြုံရေးကဏ္ဍဆိုင်ရာအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပါဝင်သည့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Printer-friendly versionSend by email





ရန်ကုန် ဖေဖော်ဝါရီ ၂၇





ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍဆိုင်ရာ အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပါဝင်သည့် နိုင်ငံရေးပါတီများ အစု အဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်မြို့ Orchid ဟိုတယ်၌ ကျင်းပသည်။





နိုင်ငံရေးအစုအဖွဲ့ UPDJC ၏ အတွင်းရေးမှူး စိုင်းကျော်ညွန့် (ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) က ''ကျွန်တော်တို့ ၂၂ ပါတီအနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ လုံခြုံရေးကို ဘယ်လိုမျိုးပုံစံနဲ့ သွားသင့်တယ်ဆိုတာကို လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီမှာဆွေးနွေး ရင်းနဲ့ မူဝါဒတွေသဘောထားတွေရခဲ့မယ် ဆိုရင် လုပ်ငန်းကော်မတီမှာ ဆွေးနွေး တာတွေ၊ UPDJC မှာ ဆွေးနွေးတာတွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အတွက် ဆွေးနွေးတာတွေအပေါ်မှာ အခု ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေကို အသုံးပြုသွားမှာပါ။ လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်ပြီး ပါတီတွေက အများကြီး ဆွေးနွေးတာ မရှိသေးဘူး။ ဒီလိုအလုပ်ရုံ ဆွေးနွေးပွဲတွေမှာ တွေ့ဆုံပြီးတော့ ဆက်လက်ဆွေးနွေးရဦးမှာပါ''ဟု ပြော သည်။





အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာ လုံခြုံရေးကဏ္ဍ အစီအစဉ်ချမှတ်ခြင်း နှင့် အသွင်ကူးပြောင်းခြင်း၊ လုံခြုံရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်း မိတ်ဆက်၊ အခြေခံအချက်အလက်များနှင့် မူများ၊ တောင်အာဖရိကနိုင်ငံ၏ ကာကွယ်ရေး အသွင်ကူးပြောင်းခြင်း ဖြစ်စဉ်အတွေ့ အကြုံကို လေ့လာခြင်း၊ ဘက်စုံလွှမ်းခြုံ သော လုံခြုံရေးကဏ္ဍကို ညှိနှိုင်းဆွေးနွေး ခြင်းတို့ကို အင်္ဂလန်မှ အငြိမ်းစား ဗိုလ်မှူးချုပ် Gordon Hughes မှ နေ၍ ဦးဆောင်ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။





နိုင်ငံရေးအစုအဖွဲ့ UPDJC အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)က ''လုံခြုံရေးကဏ္ဍဆိုတဲ့ ကိစ္စ က ငြိမ်းချမ်းရေးတစ်ခုလုံးမှာဆိုရင် အရေးအကြီးဆုံးပါပဲ။ သဘောတူညီချက် ရဖို့လည်းအခက်ခဲဆုံး ဖြစ်လိမ့်မယ်လို့ စဉ်းစားရတဲ့ ကဏ္ဍတစ်ခုပါ။ နိုင်ငံရေးနဲ့ လုံခြုံရေးကမတူပါဘူး။ နိုင်ငံရေးက နိုင်ငံ ရေး တစ်ပိုင်းပဲ။ လုံခြုံရေးက ကဏ္ဍတစ်ခု ပါ။ ကျွန်တော်တို့က နိုင်ငံရေးသမားဖြစ် တာကြောင့် နိုင်ငံရေးကိုတော့ တီးမိ ခေါက်မိရှိပါတယ်။ လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ဘက်က တော်တော်လေး အားနည်းတယ်လို့ ပြောရမယ်။ လုံခြုံရေးကဏ္ဍနဲ့ပတ်သက် ပြီးတော့ အခုလို အတွေ့အကြုံရှိတဲ့သူ တွေက လာပြီးရှင်းပြတယ်ဆိုတော့ ခေါင်းထဲမှာလည်း အတွေးအခေါ်ရ တယ်။ တော်တော်လေး အထောက်အကူ ပြုတယ်လို့တော့ပြောလို့ရမယ်''ဟု ယနေ့ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြောကြား သည်။





လုံခြုံရေးကဏ္ဍဆိုင်ရာ အတွက် အလုပ်ရုံဆွေးနွေးပွဲကို HD Center ၏စီစဉ်မှုဖြင့် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ သုံးရက်ကြာကျင်းပသွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) နိုင်ငံရေးပါတီအစု အဖွဲ့တွင် ၂ဝ၁၅ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့်ပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ်များ ပါဝင်သည်။





ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို လာမည့် မတ်လအတွင်းကျင်းပနိုင်ရန် ရည်ရွယ်ထားပြီးညီလာခံတွင် နိုင်ငံရေး ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ သယံဇာတဆိုင်ရာကဏ္ဍတို့ကို ဆွေးနွေး မည်ဖြစ်ပြီး အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသည့် အခြေခံမူ များကိုလည်း တင်သွင်းကြမည်ဖြစ် သည်။