JMC-U ခေါင်းဆောင်များ အတည်ပြုထားသည့် လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်မှုများကို လေးစား လိုက်နာမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မည်ဖြစ်

Printer-friendly versionSend by email

 

ရန်ကုန် စက်တင်ဘာ ၂၀

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) က ချမှတ်အတည်ပြုထားသည့် လုပ်ထုံးလုပ်နည်း (SoP) နှင့် လုပ်ငန်းလမ်းညွှန်(ToR)သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အသက်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းလမ်းညွှန်ကို လေးစား လိုက်နာမှသာလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်မည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

 

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးတွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၂) ကြိမ်မြောက် အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဘယ်လိုလုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာရင် ဘယ်လိုအခက်အခဲတွေ၊ ဘယ်လို ထိတွေ့မှုတွေ၊ ဘယ်လိုမျိုး ပဋိပက္ခတွေ ပေါ်ပေါက်လာရင် ဘယ်လိုမျိုးလုပ်မယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ မူဝါဒတွေကို JMC-U မှာ ချမှတ်ထားတာ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ အသက်ဖြစ်ပါတယ်။ အစည်းအဝေးတက်ရောက်လာတဲ့ JMC-U ခေါင်းဆောင်တွေက တစ်ချက်ခြင်း၊ တစ်ချက်ခြင်းဆွေးနွေးဆုံးဖြတ်ပြီးတော့မှ အတည်ပြုထားတာ ဖြစ်တဲ့အတွက် အဲဒီ SoP၊ ToRတွေကို လေးစားလိုက်နာမှသာလျှင် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အောင်မြင်မှာ ဖြစ်ပါတယ်’’ ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးတွင် ဒေသခံအရပ်သားစောင့်ကြည့်သူများ (Local Civilian Monitors) ဖွဲ့စည်းရေး၊ ထိတွေ့မှုများ ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရန်ဆွေးနွေးခြင်းနှင့် JMC-U အတွက် အရေးကြီးသည့် အတည်ပြုပြီး ဖြစ်သောလုပ်ထုံးလုပ်နည်း (SoP)နှင့် လုပ်ငန်းလမ်းညွှန် (ToR)အတွက် ပြန်လည် သုံးသပ်ရန် မူဝါဒတောင်းခံခြင်းတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 

JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “အဓိကအားဖြင့် ကျွန်တော်တို့ JMC-U မှာ ဖွဲ့စည်းထားတာကလည်း အားလုံးသိကြတဲ့အတိုင်း ပဋိပက္ခမှာအဓိကပါဝင်ပတ်သက်နေသူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။ ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရယ်၊ တပ်မတော်ပိုင်းရယ်၊ အစိုးရပိုင်းရယ်က ပဋိပက္ခမှာ အဓိကပါဝင်သူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခကို ခံစားနေရတဲ့ ပြည်သူလူထု၊ အရပ်သား ကိုယ်စားလှယ်တွေနဲ့ အဓိကထားပြီး ဖွဲ့စည်းတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြည့်ရင် ပဋိပက္ခမှာ အဓိကပါဝင်နေတဲ့အတွက်ကြောင့် တစ်ဖက်နဲ့ တစ်ဖက်က ကိုယ့်ရဲ့လိုလားချက်တွေ၊ တင်ပြမှုတွေများ လာပါတယ်။ သို့သော်လည်း ဒီမှာဘာရှိလဲ ဆိုရင် တစ်ဖက်က တရားသူကြီးအနေနဲ့ အရပ်သားကိုယ်စားလှယ်တွေကို ခန့်အပ်ထားတာဖြစ်တဲ့ အတွက် ဒီအပေါ်မှာ လိုက်နာဆောင်ရွက်သွားဖို့ လိုပါတယ်။ ပြည်သူလူထုကတရားသူကြီး အဖြစ်ဆောင်ရွက်တဲ့ အနေအထားကလည်း ဘယ်ပေါ်မှာထားပြီး ဆောင်ရွက်သလဲဆိုရင် ကျွန်တော်တို့ ကြိုတင် သဘောတူညီထားတဲ့ ToRတွေ SoPတွေ အပေါ်မှာ မူတည်ပြီးတော့မှ တိတိကျကျ လိုက်နာဆောင်ရွက် ဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပုံစံဟာလည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ နိုင်ငံတကာက လက်ခံကျင့်သုံးလာနိုင်တဲ့ မော်ဒန် ပုံစံမျိုးလည်း ဖြစ်တယ်ဆိုတာကိုတွေ့ရပါမယ်” ဟု နှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။

 

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ JMC-U ဒုတိယဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးက ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး (JMC) အကောင်အထည်ဖော်မှုတွင် မိမိတို့နှစ်ဖက် ယုံကြည်မှုအဆင့်မြင့်မားလာရန်လိုကြောင်း၊ လက်နက်ကိုင်နှစ်ဖက်ကြား လက်ရှိယုံကြည်မှုကနေ နောက်ဆုတ်မသွားရန်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်သည့် ရှောင်ရှားသင့်သည့် အပြုအမူများကို နှစ်ဖက်ရှောင်ရှားသွားကြရမည် ဖြစ်ကြောင်း၊ တန်းတူညီတူမှုနှင့် အပြန်အလှန် လေးစားမှုများကို အသိအမှတ်ပြုရမှာဖြစ်ပြီး နှစ်ဖက်အကြား ပုံမှန်ဆက်ဆံမှုမျိုးရှိဖို့ လိုအပ်သလို ဖော်ထုတ်ရမည် ဖြစ်ပါကြောင်း၊ အရပ်သားပါဝင်မှုနှင့် ပူးပေါင်း လုပ်ဆောင်မှု၊ အရည်အသွေးမြှင့်တင်မှုများကို JMC-U ၏ အရပ်သားကိုယ်စားလှယ်များက ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို သိရကြောင်း၊ အရပ်သားများသည် မိမိတို့ လက်နက်ကိုင်နှစ်ဖွဲ့ကြားတွင် ဘက်လိုက်မှုမရှိဘဲ ကြားနေစောင့်ကြည့်သူ အဖြစ်ရပ်တည် သွားနိုင်မှ JMC အကောင်အထည်ဖော်မှုသည် အောင်မြင်သည့် အသိအမှတ်ပြုမှုကို ခံရမည်ဖြစ်ကြောင်း။

 

NCA နှင့် ပတ်သက်၍ အောက်ခြေလူထုနားလည် သဘောပေါက်ရန်နှင့်  JMCအပေါ်တွင် ယုံကြည်မှု တည်ဆောက်ဖို့လိုကြောင်း၊ အရပ်သူ အရပ်သားများသည် စစ်ရဲ့အနိဋ္ဌာရုံကို တစိုက်မတ်မတ် ခံစားလာရတာကြောင့် JMC အကောင်အထည်ဖော်မှုတွင် ယင်းတို့ကိုယ်တိုင် ရဲရဲတင်းတင်းနှင့် ယုံယုံကြည်ကြည် ပါဝင်ရန်လိုကြောင်း၊ NCA ၏ ရည်မှန်းချက်သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်မည်ဖြစ်၍ တစ်ပြည်လုံးတွင်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်လာနိုင်ရန်လိုအပ်ကြောင်း၊ JMC ၏ တရားမျှတမှုနှင့် အောင်မြင်မှုကို ယုံကြည်မှ လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း၊ ထိုကြောင့် မည်သည့် အခက်အခဲ မဆိုသည်းခံ စိတ်ထား၍ စိတ်ရှည်ရှည် ဇွဲရှိရှိနဲ့ ဆက်လက်အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း နှုတ်ခွန်းဆက်အမှာစကားတွင် ပြောကြားသည်။

 

အရပ်သားကိုယ်စားလှယ်များအစုအဖွဲ့မှ JMC- U ဒုတိယဥက္ကဋ္ဌ(၂) စောမက်သယူးအေးက “ကျွန်တော်တို့ရဲ့ လေ့လာမှုနဲ့ ကျွန်တော်တို့ရဲ့ ပါဝင်လုပ်ဆောင်မှုအရ JMC ရဲ့ ရုပ်လုံးဟာ စတင်ပေါ်ပေါက်လာပြီလို့ပဲ ကောက်ချက်ချချင်ပါတယ်။ အောက်ခြေအဆင့်မှာဆိုရင် အဓိကအားဖြင့် အရပ်သားများရဲ့ အခန်းကဏ္ဍ၊ အရပ်သားများရဲ့ စောင့်ကြည့်ရေး (Civilian Monitor) ဟာ အရေးကြီးလာပါပြီ။ ဖြစ်စဉ်နဲ့အတူ ကျွန်တော်တို့ရဲ့ ပါဝင်လေ့လာမှုအရ နိုင်ငံတော်က လုပ်ဆောင်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ပြည်သူကလည်း စိတ်ဝင်စားမှု ရှိတယ်။ ကူညီပံ့ပိုးလိုတဲ့ ဆန္ဒလည်းရှိပါတယ်။ ကျွန်တော်တို့ သုံးသပ်ကြည့်တဲ့အခါကျတော့ ပြည်သူ လူထုအနေနဲ့NCA ကိုသိတယ်။ ကြားဖူးတယ်ဆိုပေမယ့် ဂဃနဏ သိရှိမှုကတော့ အားနည်း နေပါတယ်။ JMC ကိုလည်း ကြားဖူးတယ်။ သိသလိုလိုရှိတယ်။ ဒီထဲမှာပါဝင်တဲ့ အပိုင်းတွေကိုတော့ သိမှုအားနည်းပါတယ်။ ဒါကိုသိရှိနိုင်ဖို့ ဆက်ပြီးလုပ်ဆောင် တွန်းအားပေးသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC- U) သည် ပြည်နယ်/တိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ JMC-S ကို သတ်မှတ်ရည်မှန်းထားသည့် နေရာငါးနေရာတွင် အကောင်အထည်ဖော်ဖွဲ့စည်းခဲ့ပြီး အောက်ခြေဒေသန္တရ အဆင့်ဖြစ်သည့် ဒေသန္တရအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC- L) ကို နှစ်နေရာတွင် ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်သည်။

 

ယနေ့ အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဝင် အစိုးရကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အရပ်သားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။