အစိုးရထံသို့ UNFC တောင်းဆိုထားသည့် ရှစ်ချက်အနက် သဘောတူရန် ကျန်ရှိနေသည့်အချက်လေးချက်အားဆက်လက်ဆွေးနွေး

Printer-friendly versionSend by email

ရန်ကုန် အောက်တိုဘာ ၂၃

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC)က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရထံသို့ အဆိုပြုတောင်းဆိုထားသည့် အချက် ရှစ်ချက် အနက် ဆွေးနွေးရန်ကျန်ရှိသည့် အချက်လေးချက်ကို ဆက်လက်ဆွေးနွေးသည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ သတ္တမအကြိမ်တရားဝင် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးတွင် ကျင်းပသည်။

ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ဆွေးနွေးပွဲတွင် အစိုးရထံသို့ အဆိုပြု တောင်းဆိုထားသည့် အချက်ရှစ်ချက်အနက် အချက်လေးချက်ကို နှစ်ဖက်သဘောတူညီမှု ရရှိပြီးနောက် ဆွေးနွေးရန်ကျန်ရှိနေသည့် အချက်ငါးမှ ရှစ်အထိကို ဆက်လက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဦးသိန်းဇော်၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က NCA ဟာ ငြိမ်းချမ်းရေးရဲ့ ပန်းတိုင်တစ်ခု မဟုတ်ပါဘူး။ NCA ဟာ ငြိမ်းချမ်းရေးရဲ့ တံခါးဝပါ။ ဒီနေရာမှာ တစ်ခုပဲပြောလိုပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့မှာပဲကြည့်ကြည့်၊ အများက သူ့အခြေအနေ အချိန်အခါနဲ့ သဘောတူညီပြီး ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို သူ့အခြေအနေ အချိန်အခါနဲ့အညီ လိုအပ်ရင် ပြင်ဆင်ဖို့ သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့အညီ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ NCA ထဲမှာ ကိုယ်တိုင်ရေးဆွဲခဲ့ သူတွေ နောက်ပိုင်းမှာ အခြေအနေအကြောင်းအရာ အမျိုးမျိုးကြောင့် လိုအပ်ချက်တွေ ရှိတယ်ဆိုရင် NCA ရဲ့ အပြင်ကနေ လုပ်ဆောင်လို့ မရပါဘူး။ NCA အတွင်းထဲကို ဝင်လာပြီးတော့ ညီညီညွတ်ညွတ် မျှမျှတတနဲ့အားလုံးတိုင်ပင်ပြီး ဆောင်ရွက်ကြပါလို့ ကျန်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဒီနေရာကနေ မေတ္တာရပ်ခံပြီးတော့ ဖိတ်ခေါ်ပါ တယ်။ ကျွန်တော်တို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုတဲ့ အစိုးရဘက်အခြမ်းက မဟုတ်ဘဲနဲ့ NCAထဲမှာ ပါဝင်လက်မှတ်ရေးထိုးထားသူတွေကလည်း ဒီလိုသဘောထားရှိပါတယ်လို့ ပြောကြားလိုပါတယ်။

“ ကျွန်တော်တို့ DPN နဲ့ PC နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေပါ ထည့်ပေါင်းရင် အမြောက်အမြားကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဖွဲ့ဆိုပေမယ့် တစ်ဖွဲ့တည်းလိုပဲ အားလုံးကို နားလည်သိရှိခံစားနိုင်ကြပြီဖြစ်တယ်လို့ ပြောလိုပါတယ်။ ကျွန်တော်တို့နိုင်ငံတော်ကြီးရဲ့ ငြိမ်းချမ်းရေးရရှိဖို့ရာ အခြေခံကစပြီးတော့  UNFC အဖွဲ့ကြီး ပါဝင်လာတဲ့ အောင်မြင်တဲ့ ဆွေးနွေးပွဲကြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ထို့အတူပဲ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း မိမိတို့ဘက်အခြမ်းမှာ ညှိနှိုင်းစရာရှိတာကို အောင်မြင်အောင် ဆွေးနွေးညှိနှိုင်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်”ဟု ပြောကြားသည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) တွင်ပါဝင်သောအချက်များ အပေါ်တပ်မတော်အနေဖြင့် မဟာဗျူဟာ သတ်မှတ်ပေးထားသည့် အတိုင်း အစဉ်တစိုက် လိုက်နာဆောင်ရွက်နေကြောင်း၊ NCA တွင် ပါဝင်သော အချက်များသည် ပြည့်စုံကြောင်း၊ NCA တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ဟူ၍ နှစ်ပိုင်းရှိပါကြောင်း၊ယင်းတို့တွင် လုပ်ထုံးလုပ်နည်း (SOP)များ၊ လုပ်ငန်းလမ်းညွှန် (ToR)များ ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း။

သို့သော် NCA  တွင် SOP နှင့် TOR များ မရှိသော်လည်း အခြေခံဖြစ်ပြီး လက်တွေ့လုပ်ဆောင်လာသည့်အပိုင်းအား SOP /TOR များဖြင့် ဆုံးဖြတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၊ NCA ပါ အခြေခံအချက်များမကြိုက်လျှင်TOR နှင့်SOP များအား ပြင်ဆင်နိုင်ကြောင်း၊ အလားတူNCA ပါ အခြေခံအချက်များအပေါ် အချို့သော အချက်များကို ညှိနှိုင်းဆောင်ရွက်၍ရကြောင်း ၊ NCA စာချုပ်အား အသုံးပြုအကောင်အထည် ဖော်မှုသည် ယခုအခါတွင် နှစ်နှစ်ခန့်သာရှိကြောင်း၊ လာမည့်ရက်သတ္တပတ်တွင် JMC နှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည်လေ့လာသုံးသပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ NCA သည် အချိန်ယူကာ မတူကွဲပြားသော အဖွဲ့အစည်းများအကြား အကျေအလည်ဆွေးနွေးထားသည့် သဘောတူညီမှုဖြစ်သောကြောင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ယခုတွေ့ဆုံဆွေးနွေးမှုတွင် တိုးတက်ကာ သဘောတူညီမှုရလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(DPN)ခေါင်းဆောင် ခူဦးရယ်က NCA ပါ ပြဋ္ဌာန်းချက်တချို့သည် အနည်းငယ်အားနည်းနေပြီး နှစ်ဖက်အဖွဲ့အစည်းများ အကြား အပြေအလည်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေသေးသောကြောင့် NCA တွင် မပါဝင်လာနိုင်ခြင်း ဖြစ်ကြောင်း၊အဆိုပါအားနည်းချက်များကို အားသာချက်ဖြစ်အောင် ပိုမို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် အားကောင်းလာစေရန်အတွက် UNFC သည် အဆိုပြုချက် ရှစ်ချက်ဖြင့်ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ ထိုအချက်ရှစ်ချက်အား ဆွေးနွေးလာသည်မှာ ယခုဆိုလျှင် ၁၅ လကျော် ကြာမြင့်စွာဆွေးနွေးလာမှုအပေါ် နည်းစနစ်ပိုင်း လွဲချော်မှုများ၊ အားနည်းမှုများရှိနေခြင်းကြောင့်လားဟု သုံးသပ်မိကြောင်း၊ သို့သော် နှစ်ဖက်လက်ခံနိုင်သော လမ်းကြောင်းပေါ်သို့ရောက်ရန် အတူတကွလျှောက်လှမ်း အဖြေရှာခဲ့ကြောင်း၊ DPN အနေဖြင့် ယခုထက်ကောင်းမွန်သောနည်းလမ်းများဖြင့်သွားရန် ဆန္ဒရှိကြောင်း။

PC နှင့် DPN တို့တွေ့ဆုံဆွေးနွေးမှုများတွင် တချို့သောကိစ္စရပ်များသည် နှစ်ဖက်သဘောတူ ဆုံးဖြတ်၍ မရနိုင်သည့်ကိစ္စရပ်များရှိနေသည်ကို သိရှိရ၍ နောက်တစ်ကြိမ်ပိုမိုကောင်းမွန်သော နည်းလမ်းသစ်တစ်ခုကို UPDJC သို့ အဆိုပြုခဲ့ကြောင်း၊ ယခုအကြိမ်ဆွေးနွေးမှုသည် နှစ်ဦးနှစ်ဖက်အလျှော့အတင်း သဘောတူညီမှုရရှိပြီး လမ်းကြောင်းပေါ်ရောက်ရှိအောင်သွားလိုကြောင်းဖြင့် ပြောကြားသည်။

ယနေ့ပြုလုပ်သည့် ဆွေးနွေးမှုတွင် နံပါတ်ငါးမှ စတင်ပြီးနံပါတ်ခုနစ်အထိ အချက်သုံးချက်ကို ဆွေးနွေးနိုင်ခဲ့သည်။

စတင်ဆွေးနွေးသည့် နံပါတ်ငါး အချက်သည် ညှိနှိုင်းဆွေးနွေးနိုင်ရန် အခြေခံအချက်များ ရရှိပြီးဖြစ်ကာ နံပါတ်ခြောက်အချက်သည်လည်း ပြေလည်မှုရရှိထား၍ နံပါတ်ခုနစ် အဆုံးသတ်ရန်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

သဘောတူညီမှု ရရှိဆွေးနွေးလျက်ရှိသည့် နံပါတ်ငါးအချက်သည် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုင်ရာ အပါအဝင်နှစ်ဖက်တပ်များ လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (CoC) ၊  စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (ToR) တပ်နေရာချထားရေးကို ကြိုတင်သဘောတူ ညှိနှိုင်းမှုရယူရန်ဖြစ်ပြီး နံပါတ်ခြောက်သည် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် နှစ်ဖက်သဘောတူလက်ခံသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များပါဝင်ရန်ဖြစ်သည်။

ယနေ့ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)၊ ဦးနိုင်ငံလင်း၊ဦးအောင်ကြည်၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ဒေါက်တာ မင်းဇော်ဦး၊ ဦးအေးလွင် (နည်းပညာ အထောက်အကူပြု)၊ ဦးမိုးဇော်ဦး၊ ဦးမောင်မောင်အေးတို့ တက်ရောက်ပြီးDPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်၊ ဒုတိယ အဖွဲ့ခေါင်းဆောင်နိုင်အောင်မငေး၊ ဦးထွန်းဇော်၊ဦးဘုန်းနိုင်၊ ဦးမင်းထွန်း၊ နာဗစ်ဘွန်တို့ တက်ရောက်သည်။

လေ့လာသူများအဖြစ် ပဒိုရွှေမောင်း(KNU) ၊ စိုင်းငင်း(RCSS)၊ ရဲဘော်သံခဲ (ABSDF)တို့ တက်ရောက်ကြပြီးအောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ဆွေးနွေးရန် ကျန်ရှိနေသည်များကို ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။